ဒီရာသီ လီဗာပူးအသင်း ဖလား ၃-၄ လုံး ရသွားမှာ စိတ်ပူနေမိတယ် ဆိုတဲ့ ဂယ်ရီနဗီးလ်
မန်ချက်စတာ ယူနိုက်တက်အသင်း ဂန္ထဝင်ဟောင်း ဂယ်ရီနဗီးလ်က သူတို့ရဲ့ မဟာပြိုင်ဘက် လီဗာပူးအသင်းဟာ ဒီရာသီမှာ ဖလား ၄ လုံးရရှိမှာကို လန့်နေမိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
လီဗာပူးအသင်းဟာ မန်စီးတီးနဲ့ ၁ မှတ်အကွာအနေအထားကို ရောက်လာပြီး ဖလား ၄ လုံးလမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ လီဗာပူးက ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်၊ အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ်တို့ ရောက်ထား သလို ကာရာဘောင်းဖလားလည်း သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
မန်ယူ ကစားသမားဟောင်းကြီး ဂယ်ရီနဗီးလ်က လီဗာပူးအသင်း တခုခုလုပ်ပြမှာကို စိုးရိမ်နေတယ်လို့ ဝန်ခံ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

“လီဗာပူး ဒီရာသီ တခုခုလုပ်ပြသွားမှာ ကျွန်တော် စိုးရိမ်နေပါတယ်။ ယူနိုက်တက် ပရိသတ်တစ်ဦး အနေနဲ့ စိုးရိမ်ကြောင်း ပြောတာပါ။ တကယ့်ကို စိုးရိမ်နေတာပါ။ သူတို့ ဖလား ၃ လုံး ဒါမှမဟုတ် ၄ လုံး ချန်ပီယံ ဖြစ်လာနိုင်ပါတယ်။
ဒီလို ဖြစ်လာဖို့ မယုံကြည်နိုင်လောက်တဲ့ အနေအထားတွေ ရှိလာနိုင်ပါတယ်။ အာဆင်နယ် အသင်းနဲ့ပွဲမှာ ကျွန်တော် သူတို့ကို ကြည့်လိုက်ရပါတယ်။ သူတို့ ချန်ပီယံ မဖြစ်လောက်ဘူးလို့ ကျွန်တော် မပြောနိုင်ပါဘူး။ ချန်ပီယံဆုအတွက် ရှိသင့်တဲ့အရည်အချင်းရှိနေပါတယ်။
လီဗာပူးက ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လာနိုင်ပါတယ်။ သူတို့ အခြားပြိုင်ပွဲ ၂ ခုမှာ အန္တရာယ် ရှိနေတယ် ဆိုပေမယ့် တိုက်စစ်မှူး ၅ ယောက်ရှိနေတာကြောင့် တခုခုလုပ်ပြပါလိမ့်မယ်”လို့ ဂယ်ရီနဗီးလ်က ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာ သီတင်းပတ်အပြီး ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည် စတင်ချိန်မှာ လီဗာပူး အသင်းဟာ ဝက်ဖို့ဒ်ကို အန်ဖီးလ်မှာ ရင်ဆိုင်ရမှာဖြစ်ပြီး မန်စီးတီးက စနေနေ့မှာ ဘန်လေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။