ဘီဘီစီမှ ဆရာကြီး လော်ရိုးရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေ အတွက် သုံးသပ်ခန့်မှန်းချက်များ
ဘီဘီစီမှ ပင်တိုင် အားကစား ကလောင်ရှင်ကြီး လော်ရိုး ကတော့ ဒီတစ်ပတ် အတွက် သူ့ရဲ့ ခန့်မှန်းချက်တွေ ကို အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။
လီဗာပူး vs ဝက်ဖို့ဒ်
ဒီအချိန်မှာ လီဗာပူး အတွက်ရော မန်စီးတီး အတွက်ပါ စွမ်းဆောင်ရည်တွေ က အဓိက မဟုတ်တော့ပါဘူး။ သူတို့ အတွက် အရေးကြီးတာ က ချန်ပီယံ တိုက်ပွဲမှာ အသာစီးရဖို့ အတွက်ပါ။
လီဗာပူးဟာ ပြီးခဲ့တဲ့ ၉ ပွဲဆက်တိုက် အနိုင်ရထားပါတယ် ဒါပေမယ့် အဲဒါတွေကို မေ့ထားပြီး ဒီပွဲကိုပဲ အနိုင်ရအောင် အာရုံစိုက်ထားရမှာပါ။ စနေနေ့ညမှာ သူတို့ အတွက် စိန်ခေါ်မှုက ဝက်ဖို့ဒ် ခံစစ်ကို ဘယ်လို ရိုတ်ချိုးပြမလဲ ဆိုတာပါ ဘာလို့လဲ ဆိုတော့ ရွိုင်းဟော့ဆန် က ဘယ်လို အခင်းအကျင်း ခင်းလာမလဲ ဆိုတာ အားလုံးက သိနေတာပဲလေ။
ကျနော့်အမြင် ပြောရရင် အဲလို လုပ်ပြဖို့ လီဗာပူး အတွက် သိပ်မခက်ဘူး ထင်ပါတယ်။ ဝက်ဖို့ဒ် နောက်ဆုံး နိုင်ပွဲ ရခဲ့တာက မတ်လ ၁၃ ရက်နေ့က ကစားခဲ့တဲ့ဆောက်သမ်တန် နဲ့ ပွဲမှာပါ။ သူတို့အသင်း ခြွေစွမ်း အတက်အကျ မြန်လွန်းတယ် ဆိုတာ ယခင်ကလဲ မြင်ရပြီးပါပြီ။ ဒါကြောင့် ဒီပွဲကိုသာ တောင့်ခံပြီး ကစားပြမယ် ဆိုရင် တော်တော်ကြီးကို အံ့အားသင့်မိမှာပါ။
ခန့်မှန်းချက် လီဗာပူး ၃-၀ ဝက်ဖို့ဒ်

ဘန်လေ vs မန်စီးတီး
တာ့ဖ်မောကွင်းဟာ ကစားရခက်တဲ့ ကွင်းတွေထဲက တစ်ကွင်း ဆိုတာ အားလုံးက လက်ခံထားကြပါတယ်။ ဒါပေမယ့် ကိုယ်က ပရီးမီးယားလိဂ် ဖလား မှန်းထားပြီးပြီ ဆိုကတည်းက ခက်တာတွေ ၊ အိမ်ကွင်းမာတာတွေ စဉ်းစားနေလို့ မရတော့ပါဘူး။ မဖြစ်မနေကို အနိုင် ကစားရမှာပါ။
ဘန်လေ က သူတို့ရှိသမျှ အစွမ်းကုန် ထုတ်ပြီး ကစားပါလိမ့်မယ်။ ဒါပေမယ့် မန်စီးတီး ကလဲ ပက် ဂွာဒီယိုလာ ရဲ့ လက်အောက်မှာ ဒါမျိုး အခြေနေတွေ အကြိမ်ပေါင်း များစွာ ဖြတ်သန်းထားပြီးပါပြီ။ ဒါ့ကြောင့်လဲ သူတို့ သုံးမှတ်တော့ ရအောင် ယူပြမယ်လို့ ထောက်ခံပေးထားချင်ပါတယ်။
ခန့်မှန်းချက် – ဘန်လေ ဝ-၂ မန်စီးတီး
ချဲလ်ဆီး vs ဘရန်းဖို့ဒ်
နိုင်ငံတကာ ပွဲစဉ်တွေ မတိုင်ခင် ဘရန်းဖို့ဒ်ဟာ လက်စတာကို ရှုံးထားပါတယ်။ ဒါပေမယ့် အဲဒီ မတိုင်ခင် ၂ ပွဲ ဆက်တိုက် အနိုင်ရထားလို့ တန်းဆင်းဇုံ အထက်မှာ အသက်ရှူခွင့်လေး ချောင်ထားပါတယ်။
အခု အဲရစ်ဆင် ပါ ရောက်လာတဲ့ အတွက် အိုင်ဗန် တိုနေး ဆီကနေ သွင်းဂိုးတွေ ပြန်မြင်နေရတာ လုံးဝကို မအံ့ဩမိတာပါ ဘာလို့လဲ ဆိုတော့ ဒိန်းမတ်သားကြီးဟာ တိုက်စစ်မှုးတိုင်းက တွဲပြီး ကစားချင်တဲ့ ကွင်းလယ် ကစားသမားမျိုးလေ။ ဒါကို ရိုးရိုးလေး တွေးကြည့်ရုံနဲ့ သိပါတယ် ၊ သူက ဘောလုံးကို လိုချင်တဲ့ဆီ ရောက်အောင် ပေးပို့နိုင်သူပါ။ သူ့ရဲ့ အခွင့်ရေး ဖန်တီးမှုတွေ ပိုကောင်းလာလေလေ နောက်ထပ် နိုင်ပွဲတွေ ထပ်ရဦးမှာပါ။
ဒါပေမယ့် ဒီပွဲတော့ မဟုတ်ပါဘူး။ ချဲလ်ဆီး ကလဲ ပုံစံကောင်းတွေ ရနေပါတယ်။ ကွင်းပြင်ပမှာ ပြသနာတွေ ရှုပ်ထွေးနေသည့်တိုင်အောင် ၊ နိုင်ပွဲ ရယူနိုင်မှုက ရပ်တန့်သွားခြင်း မရှိဘူးလေ။ ပြီးတော့ သူတို့ တိုက်စစ်မှုးတွေလဲ ဂိုးပေါက် ပြန်တွေ့နေပါတယ်။
ခန့်မှန်းချက် – ချဲလ်ဆီး ၂-၀ ဘရန်းဖို့ဒ်

မန်ယူ vs လက်စတာ
မန်ချက်စတာ ယူနိုက်တက် နောက်ဆုံး ကစားသွားတဲ့ ပုံစံ က ဒီရာသီ သူတို့ရဲ့ သရုပ်မှန်ပါ။ စပါးကို ရင်ထိတ်သဲဖို နဲ့ ကစားရင်း ၃-၂ ရလာဒ် နဲ့ အနိုင်ရပေမယ့် ကစားပုံကောင်းလို့ မဟုတ်ပါဘူး ၊ ရိုနာဒို ရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းလို့ပါ။
လောလောဆယ်တော့ သူတို့ ကစားပုံ ကြည့်ရတာ ဘယ်နေရာကမှ စိတ်တိုင်းကျ ဖြစ်စေတာမျိုး မတွေ့သေးပါဘူး။ ဒါပေမယ့် အသင်းမှာ ပိုင်ဆိုင်ထားတဲ့ အရည်သွေးမြင့် ကစားသမား တချို့ကြောင့် ရမှတ်တချို့ ကို ရအောင် ဆုပ်ကိုင်ထားပါတယ်။
သူတို့ဟာ အဆင့် ၄ နေရာ အတွက် တိုက်ပွဲ ဝင်နေဆဲပါ။ ဒါကြောင့် တည်ငြိမ်မှု အားနည်းတဲ့ လက်စတာကို အနိုင်ကစားမယ်လို့ ပြောကြည့်ချင်ပါတယ်။ မနှစ်က အိုးထရက်ဖို့ဒ် မှာ လက်စတာ က အနိုင်ရခဲ့တယ် ဆိုပေမယ့် ၊ လောလောဆယ်မှာ အခြေအနေတွေက ကွာခြားလွန်းပါပြီ။
ခန့်မှန်းချက် – မန်ယူနိုက်တက် ၂-၀ လက်စတာ

ပဲလေ့ vs အာဆင်နယ်
အာဆင်နယ် ဟာ ခက်ခက်ခဲခဲ ဖြတ်သန်းရမယ့် ပွဲတစ်ချို့ကိုတောင် မာမာထန်ထန် နဲ့ ဖြတ်သန်းပြထားပါတယ်။ အထူးသဖြင့် အဝေးကွင်း ပွဲစဉ်တွေ ရောက်ရင် တွေ့ရတတ်ပါတယ်။ ပဲလေ့ က လက်ရှိမှာ ပုံစံကောင်းတွေ ရထားလို့ သူတို့အနေနဲ့ အရင်ကထက် ပိုပြီးကို တိုက်ပွဲဝင် ကစားပြဖို့ လိုပါလိမ့်မယ်။
ဗဲအဲရာ လက်အောက်မှာ ပဲလေ့ ရဲ့ ကစားပုံကို သဘောကျမိပါတယ်။ တိုက်စစ် ပုံဖော်တာကလဲ နေရာစုံကနေ ထိုးဖောက်နိုင်စွမ်းရှိတယ်လေ။
သူတို့ဟာ အာဆင်နယ် ကို ပြသနာတွေ အများကြီး ဖန်တီးပြမှာပါ။ ဒါပေမယ့် အာတေးတား ရဲ့ အသင်းကလဲ အန္တရာယ်များပါတယ်။ ဒါကြောင့် ဒီပွဲက ကြည့်ကောင်းမယ့် ပွဲမျိုး ဖြစ်သလို အနိုင် အရှုံးလဲ ပြတ်သားမှာ မဟုတ်ပါဘူး။
ခန်းမှန်းချက် – ပဲလေ့ ၁-၁ အာဆင်နယ်