ဆာကာ အတွက် တုန့်ပြန်တဲ့ အာတီတာ၊ ကဲဗတ်လီဝင်နဲ့ နီဗက်ဇ်၊ ဖီးလစ်ခေါ်ဖို့ တိုက်တွန်းမှုနဲ့ အာဆင်နယ် သတင်းများ

ဒိုင်လူကြီးဆီကနေ ကာကွယ်မှုပေးဖို့ တောင်းဆိုခဲ့တဲ့ ဆာကာရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဂျရတ်ရဲ့ဝေဖန်မှုကို အာဆင်နယ်နည်းပြ အာတီတာက တုံ့ပြန်ခဲ့ပါတယ်။ ဆာကာဟာ စောဒကတက်နေတာမျိုး မဟုတ်ဘဲ ဒိုင်တွေဆီက တည်ငြိမ်တဲ့ ဆုံးဖြတ်ချက်ကို ရယူလိုတာဖြစ်ကြောင်း၊ မိမိအနေနဲ့ အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကို ကာကွယ်ရမှာဖြစ်ကြောင်း အာတီတာက ဆိုခဲ့ပါတယ်။

အာတီတာဟာ ရဲရင့်တဲ့နည်းပြဖြစ်ပြီး အာတီတာကို ထောက်ခံခဲ့တဲ့ အာဆင်နယ်ရဲ့လုပ်ရပ်ကလည်း နှစ်လိုဖွယ် ကောင်းတယ်လို့ မန်စီးတီး ကစားသမားဟောင်း မီကာရစ်ချတ်က ချီးကျူးလိုက်ပါတယ်။ တကယ်လို့ အာဆင်နယ်အနေနဲ့ အူဘာမီယန်း နေရာမှာ ဗလာဟိုဗစ်နဲ့သာ အစားထိုးနိုင်ခဲ့ရင် ပြီးပြည့်စုံတဲ့ အပြောင်းအရွှေ့လည်း ဖြစ်မှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ပဲလေ့စ်နည်းပြ ဗီအဲရာကတော့ အာဆင်နယ်နဲ့ ကစားမဲ့ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဓိကတိုက်စစ်မူှးဇာဟာ ပါဝင်နိုင်ဖို့ မျှော်လင့်လျက်ရှိနေပါတယ။် ဒီရာသီမှာ ပဲလေ့စ်အတွက် ၁၀ ဂိုး သွင်းယူထားတဲ့ ဇာဟာအနေနဲ့ ကြာသပတေးနေ့က လေ့ကျင့်ခန်း ဆင်းနိုင်ခြင်းမရှိဘဲ ဗီအဲရာကတော့ ဇာဟာရဲ့ အခြေအနေကို စောင့်ကြည့် ရမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်း အာဗင်နီက အာဆင်နယ်နောက်ခံလူ တီယာနေးဟာ ထိပ်တန်းအဆင့်မှာ ကစားနိုင်သူ ဖြစ်ပြီး သူကစားချင်တဲ့ ဘယ်နေရာမှာမဆို ကစားနိုင်သူဖြစ်ကြောင်း၊ တီယာနေးအတွက် ပေါင်သန်း ၅၀ ဆိုတာ ဈေးပေါလွန်းကြောင်း၊ တီယာနေးဟာ အမြဲတမ်း တိုးတက်နေသူဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

ဒါရင်းဘန့် က အဲဗာတန်တိုက်စစ်မှုး ကဲဗတ် လီဝင် အား အာဆင်နယ်အသင်းထံကို မပြောင်းဖို့ သတိပေးခဲ့ပြီး လီဝင်အနေနဲ့ အာဆင်နယ် ထက်စာရင် ဝက်စ်ဟမ်းကိုသာ ပြောင်းသင့်ကြောင်း၊ ဝက်စ်ဟမ်းဟာ ဖြတ်တင်ဘောတွေကို အသုံးချနိုင်တဲ့ ဗဟိုတိုက်စစ်မှူး လိုအပ်နေကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ်ဂိုးသမား ရမ်ဒေးစ်က သူ့ကို အာဆင်နယ်ထံ ပြောင်းရွှေ့လာအောင် အဓိက စည်းရုံးခဲ့သူမှာ နည်းပြ အာတီတာ မဟုတ်ဘဲ အသင်းဖော် ဆာကာဖြစ်ကြောင်း၊ ဆာကာက မိမိကို အာဆင်နယ်အကြောင်းတွေ ပြောပြခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

ဝုဖ်နည်းပြ ဘရူနိုလိတ်က အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူ နီဗက်စ်ကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့ ခက်ခဲကြောင်း၊ နီဗက်စ်အနေနဲ့ အသင်းမှာ ဆက်နေရင် ပျော်ရွှင်မှာ ဆိုပေမဲ့ ဒါက ဘောလုံးဖြစ်ကြောင်း၊ နီဗက်စ်ရဲ့ ကစားသမားဘ၀ အကောင်းဆုံးဖြစ်စေဖို့ အလိုရှိကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ်။

စပါးနည်းပြဟောင်း တင်ရှားဝုဒ်ကတော့ အာဆင်နယ်အနေနဲ့ လိဒ်စ်ကွင်းလယ်လူ ကီဗင်ဖီးလစ်ကို ခေါ်ယူဖို့ တိုက်တွန်း လိုက်ပြီး ကီဗင်ဖီးလစ်ဟာ အာဆင်နယ်ကို တိုးတက်စေမဲ့ ကစားသမားဖြစ်ကြောင်း၊ ဒါပေမဲ့ ဖီးလစ်အနေနဲ့ လိဒ်စ်မှာ တစ်ရာသီလောက် ဆက်နေမယ်လို့ ထင်မြင်မိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။