ချဲလ်ဆီး ရှုံးပွဲအတွက် ရာသီဥတု မကောင်းလို့ ထရိန်နင် သေချာ မဆင်းရတာကို ဆင်ခြေပေးတဲ့ တူချယ်
ချဲလ်ဆီးအသင်းဟာ ညက ပွဲမှာ ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ အရှက်ရဖွယ်ရာ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် နည်းပြတူချယ်လ်က အင်္ဂလန်ရာသီဥတုကို အပြစ်တင်ပြီး လေ့ကျင့်ရေး အပြည့်ဝ မဆင်းခဲ့ရကြောင်း ပြောဆို သွားခဲ့ပါတယ်။
ဒါ့အပြင် တူချယ်က ကစားသမားတွေရဲ့ ရင့်ကျက်မှု နည်းပါးတာ၊ ကစားပုံ လျော့ရဲသွားတာနဲ့ နိုင်ငံတကာပွဲစဉ်တွေ ကစားခဲ့ရတာတွေကိုလည်း ထောက်ပြ ပြောဆိုခဲ့ကာ ရှုံးပွဲအတွက် ဆင်ခြေပေးသွားခဲ့ပါတယ်။
ချဲလ်ဆီး ဟာ အိမ်ကွင်းမှာပဲ ရုပ်ပျက်ဆင်းပျက်အရေးနိမ့်ခဲ့ရတာဖြစ်ပြီး ရူဒီဂါရဲ့ ဦးဆောင်ဂိုးက အနိုင်ရဖို့အတွက် လုံလောက်ခြင်း မရှိခဲ့ပါဘူး။ ထိုဦးဆောင်ဂိုး အပြီး သိပ်မကြာခင်မှာပဲ ဆယ်မိနစ် အတွင်း ဘရန့်ဖို့ဒ် က ၃ ဂိုး သွင်းသွားခဲ့တာပါ။

ပွဲအပြီးမှာတော့ တူချယ်လ်က “ဂိုးရဖို့ ကျနော်တို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်၊ ဂိုးရပြီးနောက်မှာ အသင်းက ခံစစ် ကစားတာကို ရပ်တန့်ပစ်ခဲ့ပြီးတော့ ၁၀ မိနစ်အတွင်းမှာ ၃ ဂိုးအထိ ခွင့်ပြုခဲ့ပြီး ဒီပွဲကို အဆုံးသတ် ပစ်လိုက်ခဲ့ပါတယ်”
“ဒါက ကျနော်တို့ရဲ့အမှားပါပဲ၊ ဘာလို့လဲဆိုတာကိုတော့ ကျနော်မသိဘူး၊ ဒါပေမယ့် ခံစစ်ပိုင်းက ရင့်ကျက်မှု မရှိခဲ့ဘူး၊ အန္တရာယ်များတဲ့ အခိုက်အတန့်တွေကို သတိမထားခဲ့ဘူး၊ ဒါက ကျနော်တို့အတွက် တော်တော်လေးကို ထူးဆန်းပါတယ်၊ နိုင်ငံတကာပွဲတွေအပြီးမှာ ဒီလိုခံစားရတာက ပုံမှန်ဖြစ်နေပြီး ဒီပွဲအတွက် ကျနော်ရဲ့ မျှော်လင့်ချက်က အရမ်း မမြင့်မားခဲ့ပါဘူး”
“မနေ့ကလည်း ကျနော်တို့ လက်အိတ်တွေ ဝတ်ဆင်ပြီးတော့ နှင်းတွေကြားမှာ လေ့ကျင့်ခန်းဆင်းခဲ့ရပါတယ်၊ ပြီးတော့ ဒီနေ့က တော်တော်လေးကို ပူနေတယ်။ ဒီပွဲအတွက် ပြင်ဆင်ဖို့ လေ့ကျင့်ခန်းက တဝက်ပဲလုပ်ခဲ့ရတယ်။” လို့ တူချယ်လ်က ပြောဆိုသွားခဲ့ပါတယ်။
ချဲလ်ဆီး ကတော့ အသင်းပိုင်ရှင်မိုဗစ်ဒဏ်ခတ်ပိတ်ဆို့ခံရပြီးနောက်မှာ ပထမဆုံးရှုံးပွဲကို ရင်ဆိုင် လိုက်ရတာလည်း ဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ နောက်ဆုံးပွဲတွေမှာ ချဲလ်ဆီးအသင်းက ခြေစွမ်းပြခဲ့ပြီး ပြိုင်ဘက်တွေကို အနိုင် ယူနိုင်ခဲ့လို့လည်း ချီးကျူးမှုတွေ ရရှိခဲ့ပါသေးတယ်။