ချဲလ်ဆီးအသင်း ကွင်းပြင် ပြသနာတွေ စုံနေချိန်မှာ အိမ်ထောင်ကွဲတော့မယ့် နည်းပြ တူချယ်

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ်ဟာ (၁၂) နှစ်ကြာ လက်တွဲခဲ့တဲ့ သူ့ရဲ့ အိမ်ထောင်ရေးကို ကွာရှင်းခြင်းနဲ့ အဆုံးသတ်ရတော့မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လ အတွင်း ချဲလ်ဆီးအသင်း ပိုင်ရှင် အေဘရာမိုဗစ်ချ် ဆန်ရှင်ထိပြီး အသင်းရုန်းကန်နေရချိန်တည်းက တူချယ် ရဲ့ အိမ်ထောင်ရေး ကလည်း ရှေ့ဆက်ဖို့ ရုန်းကန်နေရတာပါ။ ဒါပေမယ့် တူဟယ်လ်ကတော့ သူ့အသင်းကို ပုံစံမပျက် ရှေ့ဆက်စေခဲ့ပါတယ်။

မနေ့က ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ တူချယ်ဟာ ဇနီးသည် ဆစ်စီနဲ့ ကွာရှင်းဖို့ သေချာသွားပြီလို့ သိရပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက တရားရုံးကို တင်သွင်းခဲ့ပါတယ်။

သတင်းရင်းမြစ်တွေရဲ့အဆိုအရ တူချယ်တို့လင်မယားဟာ ကွာရှင်းတာ မဟုတ်ဘဲ အခြားသော နည်းလမ်း တခုခုကို ရှာဖွေခဲ့ပေမယ့် မတတ်သာတဲ့အဆုံး အခုလိုပဲ ကွာရှင်းခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဆစ်စီကို ချဲလ်ဆီးတို့ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ပွဲမှာတောင် မြင်တွေ့ခဲ့ရပါသေးတယ်။

ဆစ်စီဟာ တူချယ် လန်ဒန်ကိုရောက်ပြီး (၇) လအကြာမှ တူဟယ်လ်ဆီ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အခုချိန် မှာတော့ သူ့ကို တူဟယ်လ်နဲ့ မြင်တွေ့ခဲ့ရအပြီး (၁၀) လအကြာမှာ တူချယ်နဲ့ လမ်းခွဲဖို့ သတင်းထွက်ပေါ်လာခဲ့တာပါ။

နည်းပြ တူချယ်အနေနဲ့ ဇနီးနဲ့ကလေးငယ်တွေအတွက် ဆက်လက်ထောက်ပံ့ရမှာဖြစ်ပြီး ထွက်ပေါ်နေတဲ့သတင်းတွေအရ တူချယ်ရဲ့ ဝင်ငွေတဝက်ကို ခွဲပေးရမယ်လို့ သိရှိရပါတယ်။

ချဲလ်ဆီးအသင်း ဟာ မနေ့ညက ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမှာတော့ ၁-၄ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ လာမယ့်ကြားရက်မှာ ချဲလ်ဆီးက ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဖြစ် အိမ်ကွင်းမှာ ရင်ဆိုင် ကစားရမှာပါ။