ဗီအဲရာရဲ့ ပဲလေ့စ်အသင်းနဲ့တွေ့မှ မထင်မှတ်ဘဲ ဂိုးပြတ်ရှုံးသွားတဲ့ အာဆင်နယ်
ဒီနေ့မနက်အစောပိုင်းယှဉ်ပြိုင်ကစားခဲ့တဲ့ ပဲလေ့စ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဗီအဲရာ ရဲ့ ပဲလေ့ စ်အသင်းက အာဆင်နယ်အသင်းကို စုစည်းမှုအားကောင်းကောင်းနဲ့ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ယူနိုင်ခဲ့ပြီး အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကို နှောက်ယှက်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ အာဆင်နယ်အနေနဲ့ ဘယ်နောက်ခံလူတီယာနေး ဒဏ်ရာရရှိနေတာကြောင့် ပရီးမီးယားလိဂ် အထာ မနပ်သေးတဲ့ တာဗာရက်စ်ကို ဘယ်နောက်ခံလူအဖြစ် ပွဲထွက်လူစာရင်းမှာအသုံးပြုလာခဲ့ပြီး ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ ရတာတဲ့ အပြင် ကွင်းလယ်လူ ဖြစ်တဲ့ ပါတေးတစ်ယောက်လည်း ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။
ဒီအတွက်ပဲ အထလေးနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ ပွဲချိန် ၁၆ မိနစ် နဲ့ ၂၄ မိနစ်တို့မှာပဲ အိမ်ရှင် ပဲလေ့စ် အသင်းကို သွင်းဂိုး နှစ်ဂိုး ခွင့်ပြုခဲ့ရပြီး ပဲလေ့စ်အသင်းရဲ့ pressing ကစားဟန် စုစည်းမှုအားကောင်းမှုတွေကတော့ တော်တော်လေး ချီးကျူးစရာကောင်းနေခဲ့တာပါ။

ပထမပိုင်းအပြီး ၂ ဂိုးပြတ်ရှုံးနိမ့်နေခဲ့တဲ့ အာဆင်နယ်အသင်းအနေနဲ့ ဒုတိယပိုင်းအစမှာတော့ ကြောင်ပျောက်နေတဲ့ တာဗာရက်စ်ကို မာတီနယ်လီနဲ့ လူစားလဲခဲ့ပြီး ချေပဂိုးပြန်လည်ရရှိဖို့ ကြိုးစားလာခဲ့ကာ အဲဒီနောက်မှာတော့ အာဆင်နယ် အသင်းရဲ့ ကစားပုံ ကောင်းမွန်လာခဲ့ပေမယ့် Final third zone အတွင်း ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ မပြုလုပ်နိုင်သလို ရလာတဲ့ အပိုင်အခွင့်အရေးတွေကိုပါ ဖြုန်းတီးခဲ့တာကြောင့် ချေပဂိုးရရှိဖို့ ရုန်းကန်နေခဲ့ရပါတယ်။
ဒါ့အပြင် တန်ပြန်တိုက်စစ်ကနေ တိုက်စစ်ဆင်လာတဲ့ ဇာဟာကို အာဆင်နယ်ကွင်းလယ်လူ အိုဒီဂတ်တစ်ယောက် ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ပင်နယ်တီပါ ပေးခဲ့ရပြီး အဲဒီနောက်မှာတော့ အာဆင်နယ်အသင်း လုံးဝကို ပြန် မလာနိုင်တော့ဘဲ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ဒီပွဲရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၄နေရာက စပါးအသင်းနဲ့ ရမှတ်တူ တစ်ပွဲလျော့ ကစား အနေအထားနဲ့ အဆင့် ၅နေရာမှာ ရပ်တည်နေခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဆက်လက် ကြိုးစားသွားရမယ့် အခြေအနေမျိုး ဖြစ်နေခဲ့ပြီလည်း ဖြစ်ပါတယ်။