နိုင်ပွဲနဲ့ အဆင့် ၄ ရောက်လာတဲ့ စပါး၊ လစာ လျှော့ယူမယ့် ဆာလက်၊ ဘယ်လင်ဟမ် မန်ယူနဲ့ နံနက်ခင်း သတင်းများ
မနေ့ညက ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ စပါးအသင်းက နယူးကာဆယ် အသင်းကို အိမ်ကွင်းမှာ ၅-၁ နဲ့ အနိုင်ရရှိပြီး အဆင့် ၄ နေရာ ရောက်လာခဲ့သလို ဝက်စ်ဟမ်းအသင်းကလည်း အဲဗာတန် အသင်းကို ၂-၁ နဲ့ အနိုင်ရရှိ ခဲ့ပါတယ်။
ဒါ့အပြင် ဘာစီလိုနာအသင်းကလည်း ဆီဗီလာအသင်းကို ပတ်ဒရီရဲ့ တစ်လုံးထဲသော သွင်းဂိုးနဲ့အတူ ၁-၀ ဖြင့် အနိုင် ကစားနိုင်ခဲ့ပြီး အင်တာမီလန် အသင်းကလည်း အဝေးကွင်းမှာ ဂျူဗင်တပ်အသင်းကို ဝ-၁ နဲ့ အနိုင်ရရှိခဲ့ကြပါတယ်။
ဘယ်ဂျီယံ နည်းပြဖြစ်တဲ့ ရော်ဘတ်တို မာတင်နက်ဇ် ကတော့ ချဲလ်ဆီး တိုက်စစ်မှူးဖြစ်တဲ့ လူကာကူ အနေနဲ့ ကမ္ဘာ့ဖလားမှာ ပါဝင် ကစားခွင့် ရချင်တယ်ဆိုရင် ချဲလ်ဆီး အသင်းကနေ ထွက်ခွာဖို့ သတိပေးပြောကြားလိုက်ပါတယ်။

မန်ယူတိုက်စစ်မှူးဟောင်း အင်ဒီကိုးလ်ကတော့ မန်ယူအသင်း အနေနဲ့ ဝက်ဟမ်းအသင်းကွင်းလယ်လူ ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးစားနေတာထက် ဒေါ့မွန်တောင်ပံ တိုက်စစ်ကစားသမား ဘာလင်ဟမ်ကို ခေါ်ယူဖို့ တိုက်တွန်း သွားခဲ့ပါတယ်။
လက်စတာ အသင်းက လာမယ့်နွေမှာ သူတို့ ကစားသမားဖြစ်တဲ့ ဂျိမ်းမက်ဒီဆင်ကို ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဂျိမ်းမက်ဒီဆင် အတွက် ပေါင် သန်း ၈၀ လောက် အလို ရှိနေပြီး အာဆင်နယ် နဲ့ မန်ယူတို့ က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ဆိုပါတယ်။
တိုက်စစ်မှုး ဆာလက် ကတော့ လီဗာပူး အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် ၁ ပတ်ကို ပေါင် ၄ သိန်း တောင်းဆိုထားပါတယ်။ လီဗာပူး အသင်းက ပေးချေလိုခြင်း မရှိတာကြောင့် ညှိနှိုင်းမှု ကြာရှည်နေခဲ့ပေမယ့် ခုချိန်မှာတော့ ဆာလက် က စိတ်ပြောင်းသွားပြီး လီဗာပူးမှာ ဆက်နေဖို့အတွက် လုပ်ခ လစာ လျှော့ယူတော့မယ် သတင်းထွက်လာပါတယ်။

ရူဒီဂါ တစ်ယောက် ချဲလ်ဆီးအသင်းနဲ့ လမ်းခွဲဖြစ်ခဲ့ပါက ဘာစီလိုနာအသင်းက တစ်ရာသီ ပေါင် ၆ သန်း လုပ်ခ ပေးချေကာ အလွတ်ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ရိုးမားအသင်းနဲ့ ခြေစွမ်းပြဂိုးသွင်းယူပေးနေတဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း အေဗရာဟမ်ကတော့ ပရီးမီးယားလိဂ်ကို ပြန်လည် အခြေချဖို့ စိတ်အားထက်သန်နေပါတယ်။