မန်စီးတီးနဲ့ မတွေ့ခင် တစ်ပတ် အလိုတည်းက ပွဲကြိုစကားပါးလိုက်တဲ့ လီဗာပူးနည်းပြ ကလော့ပ်

လီဗာပူး နည်းပြ ကလော့ပ်က လာမယ့်တပတ် မန်စီးတီးနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲအတွက် ပြိုင်ဘက်ကို အခုတည်းက ကြိုတင်သတိပေးခဲ့ပါတယ်။ လီဗာပူးနဲ့မန်စီးတီးတို့ဟာ ရမှတ် တမှတ်သာ ကွာဟလျက်ရှိပါတယ်။

လာမယ့်အပတ်မှာ ဦးဆောင်သူ မန်စီးတီးရဲ့ အိမ်ကွင်းမှာ လီဗာပူးတို့ သွားရောက် ရင်ဆိုင်ကစားရမှာဖြစ်ပြီး ဒီပွဲက ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးနိုင်သလောက်ရှိလာမှာပါ။ စနေနေ့က ကစားခဲ့တဲ့ ပွဲတွေမှာလည်း မန်စီးတီးနဲ့လီဗာပူးတို့က နိုင်ပွဲတွေ အသီးသီးရရှိခဲ့ပါတယ်။

ဝက်ဖို့ဒ်ကို အနိုင်ယူခဲ့တဲ့ပွဲအပြီးမှာ ကလော့ပ်က “ဇယားထိပ်နေရာအတွက် ကျနော့်ဆီမှာ ဘာမှ လုပ်စရာမရှိပါဘူး။ ဒီအကြောင်းကိုလည်း မစဉ်းစားပါဘူး။ ဒါပေမယ့် ကျနော်တို့ တလက်မတောင် အကွာခံတော့မှာ မဟုတ်ပါဘူး”

“ချန်ပီယံဆုလမ်းကြောင်းမှာရှိနေဖို့အတွက် ကျနော်တို့က ကိုယ်ကစားရမယ့်ပွဲတွေကို အနိုင်ကစားဖို့ လိုပါတယ်။ လာမယ့်ပွဲက ပွဲကြီးပွဲကောင်းပါ။ ဒါကို ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးနဲ့မန်စီးတီးအကြား ရမှတ်ကွာဟချက်က ပြီးခဲ့တဲ့ ဇန်နဝါရီအတွင်း (၁၄) မှတ်အထိရှိခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးရဲ့ ခြေချော်မှုတွေကို လီဗာပူးက အခွင့်ကောင်းယူနိုင်ခဲ့ပြီး အခုလိုမျိုး တမှတ်သာ ကွာတဲ့ အနေအထားကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။

နှစ်သင်း ထိပ်တိုက်မတွေ့ခင် ကြားရက်မှာတော့ လီဗာပူးက ဘင်ဖီကာနဲ့အဝေးကွင်း၊ မန်စီးတီးက အက်သလက်တီကိုနဲ့ အိမ်ကွင်းအဖြစ် ချန်ပီယံလိ ဂ်ကွာတားဖိုင်နယ်ပွဲတွေကို ကစားရမှာပါ။