ပိုင်ရှင်သစ် ဖြစ်လာနိုင်တဲ့ ရစ်ကတ်မိသားစု အပေါ် တောင်းဆိုမှုများ၊ လူကာကူ၊ ဝါနာတို့နဲ့ ချဲလ်ဆီး သတင်းများ
ချဲလ်ဆီးအသင်း ဘရန့်ဖို့ဒ်ကို ဂိုးပြတ် ရှုံးနိမ့်ပြီးတဲ့နောက် နည်းပြ တူချယ်က ဒီလို အံ့ဖွယ် ရလဒ်မျိုး မမျှော်လင့် ထားခဲ့ကြောင်း ဝန်ခံလိုက်ပြီး ထို ပွဲရလဒ်က ရီးရဲလ်မက်ဒရစ်နဲ့ ပွဲ မတိုင်ခင် ဖြစ်တာကြောင့် ပိုပြီးလည်း ခက်ခဲ စေကြောင်း တူချယ်က ဆိုပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်းသားတွေကတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ မန်စီးတီး၊ လီဗာပူးတို့ ကို ရှောင်နိုင်ခဲ့ပြီး ချဲလ်ဆီးနဲ့ တွေ့ဆုံနေတာ အတွက် သဘောကျနေကြောင်း သိရပါတယ်။ ရီးရဲလ် က ပြီးခဲ့တဲ့ နှစ်က ရှုံးကြွေးကို ပြန်ဆပ်လိုနေတာပါ။
ဘယ်လ်ဂျီယံ လက်ရွေးစင် နည်းပြ ရော်ဘတ်တို မာတီနက် က ချဲလ်ဆီး တိုက်စစ်မှူး လူကာကူ ဟာ လာမယ့် ရာသီ မှာ အသင်း ထပ်မံ ပြောင်းရွှေ့ဖို့ အလားအလာ ရှိနိုင်တယ်လို့ ထုတ်ဖော် သုံးသပ် သွားခဲ့ပါတယ်။
စနေနေ့ တုန်းက ချဲလ်ဆီး ပရိသတ်တွေဟာ အသင်းရဲ့ ပိုင်ရှင်သစ် ဖြစ်လာနိုင်တဲ့ ရစ်ကတ် မိသားစု အပေါ် ကန့်ကွက် ဆန္ဒပြမှုတွေ ပြုလုပ် အပြီးမှာတော့ ရစ်ကတ်မိသားစု ဟာ ကလပ်ကို ဝယ်ယူဖြစ်ခဲ့ပါက အောက်ပါ အချက်တွေ လိုက်နာဖို့ တောင်းဆိုနေကြပါတယ်။

၁ ။ အသင်းအမည် ၊ အမှတ်တံဆိပ် ၊ အသင်းအရောင်တွေကို ပရိသတ် ဆန္ဒ မပါဘဲ မပြောင်းလဲဖို့
၂ ။ စူပါလိဂ် ကို ဝင်မပါဖို့
၃ ။ အတန်းအစားခွဲခြားမှု ကို မပြုလုပ်သွားဖို့
၄ ။ အမျိုးသား နဲ့ အမျိုးသမီး အသင်းသားဟောင်းတွေ ၊ အခြားအဖွဲ့ဝင်တွေ ပါဝင်တဲ့ အကြံပေးအဖွဲ့ ကို တည်ထောင်သွားဖို့
၅ ။ စတမ်းဖိုဒ့် ဘရစ် ကို ပြန်လည်မွမ်းမံပြီး ဆက်လက် အသုံးပြုသွားဖို့ ( ဖြိုချ အသစ်မဆောက်ဘဲ )
၆ ။ ချဲလ်ဆီး အမျိုးသမီး အသင်းအပေါ် ဆက်လက် ရင်းနှီးမြှပ်နှံပြီး စတမ်းဖိုဒ့် ဘရစ်မှာ ကစားနိုင်တဲ့ အထိ ကြိုးပမ်းသွားဖို့ ဆိုတဲ့ အချက်တွေကို ထုတ်ပြန် သွားခဲ့ ပါတယ် ။
ချဲလ်ဆီးအသင်းဟာ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ လူကာကူနဲ့ တီမိုဗာနာတို့ နှစ်ဦးစလုံးကို နွေအပြောင်းအရွှေ့မှာ ရောင်းထုတ်သွားနိုင်တယ်လို့ သိရပါတယ်။

လူကာကူနဲ့ တီမိုဗာနာတို့ ဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ အသားကျဖို့ရာ ရုန်းကန်နေကြရသူတွေဖြစ်ပြီး လန်ဒန်မြေမှာလည်း မပျော်ရွှင်တော့ဘူးလို့ သတင်းတွေ ထွက်နေပါတယ်။ ဗာနာကို ဒေါ့မွန်အသင်းနဲ့ လူကာကူကို အင်တာမီလန် အသင်းတို့က စိတ်ဝင်စား နေကြပါတယ်။
လာမယ့် ကြာသပတေးနေ့ မှာ ချဲလ်ဆီးက ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ပွဲ ကစားဖို့ ရှိနေပြီး ဒီစနေက ရှုံးပွဲကြောင့် ထူးထူးခြားခြား ရူးရူးမိုက်မိုက် ကိစ္စတွေ လုပ်နေ ပြောနေတာမျိုးတော့ ရှိမှာ မဟုတ်ကြောင်းလည်း တူချယ်က ဆို ပါတယ်။

၂၀၂၃ မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အပီလီကျူတာ က ဘာစီလိုနာ အသင်းကို ပြောင်းတော့မယ်လို့ သတင်းထွက်နေပေမယ့် တူချယ်ကတော့ အပီလီကျူတာ က သူတို့ အသင်းခေါင်းဆောင်ဖြစ်ကြောင်း သူ ကလပ်မှာ ဆက်ရှိဖို့ အခွင့်အရေးများကြောင်းပြောလိုက်ပါတယ်။
ဘရန့်ဖို့ဒ်ကို ရှုံးတဲ့ ပွဲစဉ် က ရုပ်သံကနေ မှတ်ချက်ပေးမှုမှာ သီယေဂို ဆေးဗားက တိုက်စစ်ကို လုံလောက်အောင် လိုက် မကူ နိုင်တဲ့ အပေါ် ထုတ်ဖော် ပြောဆိုခံခဲ့ရပြီး သီယေဂိုရဲ့ ဇနီးသည်ကတော့ အဲလို မဝေဖန်သင့်ဘူးလို့ တုန့်ပြန်လိုက်ပါတယ်။