အလွတ်နဲ့ ရမှာ ဆိုပေမယ့် ရူဒီဂါ လစာ အတောင်းကြမ်းလို့ ခေါ်ဖို့ လက်တွန့်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ အပတ်က ချဲလ်ဆီး အသင်း နောက်ခံလူ အန်တိုနီယို ရူဒီဂါရဲ့ အေးဂျင့် ဖြစ်သူနဲ့ အပြောင်းအရွှေ့ ကိစ္စ အတွက် လူပုဂ္ဂိုလ်ချင်း သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အပြောင်းအရွှေ့ ဖြစ်လာဖို့ သတင်းကြီးလာနေပါတယ်။

ချဲလ်ဆီး အသင်း ဟာ လောလောဆယ်မှာ ဆန်ရှင် ကြောင့် ရူဒီဂါနဲ့ ခရစ်တန်ဆန်တို့ရဲ့ အေးဂျင့်တွေနဲ့ စာချုပ်သစ် ကိစ္စ ဆွေးနွေးခွင့် မရထားတာကြောင့် ဘာစီလိုနာ ဟာ ယင်း ဥရောပ ချန်ပီယံ ခံစစ်မှူး ၂ဦးကို အရင် လက်ဦးမှု ရအောင် ခေါ်ယူနိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေတာပါ။

ခရစ်တန်ဆန် ကတော့ ချဲလ်ဆီး ကနေ ပြောင်းရွှေ့ဖို့ သေချာသလောက် ဖြစ်နေပေမယ့် ရူဒီဂါ ကတော့ ချဲလ်ဆီးမှာ ပျော်ရွှင်နေဆဲ ဖြစ်ပုံပေါ်ပြီး အသင်းပိုင်ရှင်သစ်သာ အတည်တကျ ဖြစ်လာမယ် နောက်ပိုင်း စာချုပ်သစ် အတွက် လိုအပ်တဲ့ လစာ ပမာဏ ညှိနှိုင်းလို့ အဆင်ပြေမယ် ဆိုရင် ဘာစီလိုနာတို့ အကြပ်တွေ့သွားနိုင်ပါတယ်။

ဒါ့အပြင် စပိန် သတင်းစာ Sports ရဲ့ ဖော်ပြချက် တခု အရ ရူဒီဂါသာ ချဲလ်ဆီးကနေ စပိန်မြေသို့ ပြောင်းရွှေ့ဖြစ် ခဲ့ပါက တနှစ်လုပ်ခ ပေါင် ၆သန်း အပြင် နောက်ထပ် အပိုဆုကြေးတွေပါ ထပ်မံ တောင်းဆိုမှာ ဖြစ်တာကြောင့် ၊ ဘာစီလိုနာဖက်က ယင်းပမာဏကို ပေးချေဖို့ မတတ်နိုင်ဘူးလို့ သိရပါတယ်။

ဘာစီလိုနာ တာဝန်ရှိသူတွေနဲ့ ရူဒီဂါရဲ့ အေးဂျင့် ဖြစ်သူတို့ တွေ့ဆုံခဲ့ရာမှာလည်း ၊ လစာ ကိစ္စ ဟာ ထိပ်ဆုံးက ပြောဆို ဆွေးနွေးစရာ ဖြစ်ခဲ့မှာ သေချာပါတယ်။ ဘာစီလိုနာ ဘက်ကတော့ ရူဒီဂါကို ယင်းပမာဏထက် နည်းပါးတဲ့ လစာမျိုး လျှော့ပြီး တောင်းဆိုဖို့ မျှော်လင့်နေဆဲ ဖြစ်ကြောင်း ယင်းသတင်းကပဲ ဆိုပါတယ်။

ချဲလ်ဆီးကတော့ ကလပ် ပိုင်ရှင်သစ် အတည်ပြုဖြစ်ပြီးတာနဲ့ ရူဒီဂါကိုလည်း နောက်ဆုံး ကျန်ရစ်တဲ့ ရက်သတ္တပတ် အချို့မှာ စာချုပ်သစ် အတွက် ထပ်မံကြိုးပမ်းသွားဖို့ ရှိနေပါတယ်။