စီးတီးကို ပွဲကြိုစိန်ခေါ်တဲ့ ဆီမြွန်နီ၊ ပြောခံနေရတဲ့ တာဗာရက်စ်၊ တန်ဟက် ခေါ်မယ့် ၂ဦးနဲ့ နေ့လည်ခင်း သတင်းများ

ရီးရဲမက်ဒရစ် ဂိုးသမား ကော့တွိုက် ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဖြစ် အသင်းဟောင်း ချဲလ်ဆီး နဲ့ ကစားရမယ့် ပွဲနဲ့ ပတ်သက်ပြီး စတမ်းဖိုဒ့် ဘရစ် ကွင်းဆီ နောက်တခေါက် ပြန်ရောက်လာရမယ့် အရေး အပေါ် စိတ်လှုပ်ရှား ပျော်ရွှင် နေမိကြောင်းနဲ့ ချဲလ်ဆီး ပရိသတ်တွေ သူ့ကို မလှောင်ပြောင် ကြဖို့ မျှော်လင့်မိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူး နောက်ခံလူဟောင်း ကာရေဂါကတော့ ပဲလေ့စ်နဲ့ပွဲက အာဆင်နယ်နောက်ခံလူ တာဗာရက်စ်ရဲ့ခြေစွမ်းကို ဝေဖန်ခဲ့ပြီး ဒုတိယဂိုးမှာ တာဗာရက်စ်ကြောင့် ပေးလိုက်ရတာပေးကြောင်း၊ တကယ်လို့ တာဗာရက်စ်သာ ဒုတိယပိုင်း ဆက်ကစားခွင့်ရရင် အံ့အားသင့်မိမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

အက်သလက်တီကိုနည်းပြ ဆီမြွှန်နီက ချန်ပီယံလိဂ်ပွဲစဉ်အတွက် စကားလုံးစစ်ပွဲဆင်နွှဲခဲ့ပြီး မန်စီးတီးသာ မိမိတို့ထက် ပိုကောင်းတဲ့ ကစားသမားတွေရှိကြောင်း၊ ဒါပေမဲ့ နှစ်ပွဲတည်းသာ ကစားရမှာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း မန်စီးတီးနဲ့ ဘိုင်ယန်ဟာ ဗိုလ်စွဲဖို့ အခွင့်အရေး ပိုကောင်းခဲ့ပေမဲ့ ချဲလ်ဆီးက ဗိုလ်စွဲသွားခဲ့ကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ဟာ အဲဗာတန် တိုက်စစ်မှူး ရစ်ချလီဆင် ကို အပြိုင် စိတ်ဝင်စား နေကြပြီး အာဆင်နယ် သာ ချန်ပီယံလိဂ် ဝင်ခဲ့ပါက ဘရာဇီးသားကို ခေါ်ယူ နိုင်ချေ ရှိတယ်လို့ သတင်း ထွက်ပေါ် နေပါတယ်။

မန်ယူအနေနဲ့ လာမဲ့ရာသီမှာ စီရော်နယ်ဒိုကို ဆက်ထိန်းထားသင့်တယ်လို့ ဘောလုံးဝေဖန်သူ အဖြစ်ဆောင်ရွက်နေတဲ့ ဝီလန်းက ဆိုပါတယ်။ ၎င်းက ကမ္ဘာ့အချမ်းသာဆုံးဖြစ်တဲ့ မန်ယူဟာ စီရေ်ာနယ်ဒိုအတွက်ပေးရတဲ့လစာ ပေါင်၂၅သန်းကို မမြင်သင့်ကြောင်း၊ ပရိသတ်တွေ အနေနဲ့ ကလည်း စီရော်နယ်ဒိုကို ဆက်မြင်ချင်မှာဖြစ်ကြောင်း၊ တကယ်လို့ မန်ယူအနေနဲ့ စီရော်နယ်ဒိုကို ထွက်ခွာခွင့်ပြုလိုက်ရင် အံ့အားသင့်မိမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတာပါ။

မန်ချက်စတာ ယူနိုက်တက် ဟာ နယ်သာလန် ကလပ် အိုင်ယက်စ် နည်းပြ အဲရစ် တန်ဟတ် ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ အလားအလာ များနေပြီး အဲရစ် တန်ဟတ် ဟာ ယူနိုက်တက် နည်းပြ ဖြစ်လာပါက အိုင်ယက်စ် က အန်တိုနီ နဲ့ တင်းဘား တို့ကို အိုးထရက်ဖိုဒ့် ဆီ ခေါ်ဆောင်လာဖွယ် ရှိတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ပါတယ်။

ချဲလ်ဆီးကစားသမားဟောင်း အေဘရာဟမ်ချ်က သူဟာ ပရီးမီးယားလိဂ်ပွဲတွေကို ကြည့်ပြီး ကြီးပျင်းလာရသူဖြစ်ကြောင်း၊ သူ့အနေနဲ့ တစ်နေ့မှာ ပရီးမီးယားလိဂ်ကို ပြန်လည်ကစားလိုကြောင်း၊ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ရိုးမားအတွက်သာ အာရုံစိုက် ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဂျူဗင်တပ်အနေနဲ့ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကိုခေါ်ယူဖို့ ကြိုးပမ်းမှုဟာ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။ ဂျူဗင်တပ်ဝါရင့်နောက်ခံလူ ချီလီနီအနေနဲ့ အသင်းနဲ့ စာချုပ်ဖျက်သိမ်းမှုသဘောတူညီမှု ရရှိခဲ့ပြီး ဒါဟာ ဂျူဗင်တပ် အနေနဲ့ ရူဒီဂါကိုခေါ်ယူဖို့ ဘဏ္ဍာရေးပိုင်း ကောင်းမွန်လာစေမှာပါ။

စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်ကတော့ ပီအက်စ်ဂျီ ပရိသတ်တွေရဲ့လှောင်ပြောင်မှုကို ခံရတဲ့ နောက်ဆုံးကစားသမား ဖြစ်လာပါတယ်။ ပီအက်စ်ဂျီပရိသတ်တွေအနေနဲ့ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတာကို ဒေါသထွက်နေဆဲဖြစ်ပုံပေါ်ပြီး မက်ဆီ၊ နေမာတို့ပြီးနောက် လိုရီးယန့်ကို အနိုင်ရခဲ့တဲ့ပွဲမှာ လူစားဝင်ကစားတဲ့ ရာမို့စ်ကို လှောင်ပြောင်ခဲ့တာပါ။