လက်ခုပ်တီး ဂုဏ်ပြုမှာ မမျှော်လင့်ဘူးဆိုတဲ့ ရီးရဲလ် ဂိုးသမား ကော်တိုရစ်
ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တိုရစ်က သူ့အသင်းဟောင်း ချဲလ်ဆီး ပရိသတ်တွေအနေနဲ့ ဒီတပတ် ပွဲမှာ လက်ခုပ်တီး ဂုဏ်ပြုကြမှာ မဟုတ်သလို သူ့ကို မလှောင်ပြောင်ဖို့ မျှော်လင့်တယ်လို့ ပြောကြားလိုက်ပါတယ်။
မနက်ဖြန်ညမှာ ကော်တိုရစ်က ရီးရဲလ်မက်ဒရစ်နဲ့အတူ ချဲလ်ဆီးအိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ လာရောက်ရင်ဆိုင်ရမှာပါ။
အဲ့ဒီပွဲဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ဖြစ်ပြီး ကော်တိုရစ်၊ ဟာဇက်တို့အတွက် အသင်းဟောင်းကို ပရိသတ်တွေရှေ့မှာ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့ခဲ့ပါသေးတယ်။ အဲ့ဒီအချိန် တုန်းက ကိုဗစ်ကြောင့် ကွင်းပိတ်ကစားခဲ့ရပြီး ချဲလ်ဆီးက ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပါတယ်။

ဂိုးသမား ကော်တိုရစ်ဟာ ချဲလ်ဆီးက ထွက်ခွာချိန်တုန်းက ပရိသတ်တွေရဲ့ ဒေါသနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အဲ့ဒါကြောင့်လည်း ကော်တိုရစ်က “ချဲလ်ဆီးပရိသတ်တွေ ကျနော့်ကို မလှောင်ပြောင်ဖို့ ကျနော် မျှော်လင့်ပါတယ်။ ဒါပေမယ့် ခင်ဗျားလည်း ကြိုသိနိုင်မှာမဟုတ်ပါဘူး။ ဘာတွေပဲဖြစ်လာပါစေ၊ ကျနော်က ကြိုတင်ပြင်ဆင်ထားမှာပါ။ ဘယ်လို ကျော်ဖြတ်ရမယ် ဆိုတာ ကြည့်တာပေါ့”
“စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြန်လာရတာ ပျော်ဖို့ကောင်းတယ်ဆိုတဲ့ ခံစားချက်ကို ကျနော် မျှော်လင့်ပါတယ်။ အခု ကျနော်တို့ က ပြိုင်ဘက်တွေဖြစ်နေပါပြီ။ သူတို့လည်း နိုင်ချင်သလို ကျနော်လည်း အတူတူပါပဲ။ ဒီတော့ ပြိုင်ဘက်ပရိသတ်တွေဆီက လက်ခုပ်တီး ဂုဏ်ပြုတာကို ကျနော် မမျှော်လင့်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
ကော်တိုရစ်ဟာ ချဲလ်ဆီးမှာ ကစားနေရင်းနဲ့ပဲ ရီးရဲလ်မက်ဒရစ်မှာ ကစားခွင့်ရဖို့က သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ ပြောကြားခဲ့တာကြောင့် ချဲလ်ဆီးပရိသတ်တွေရဲ့ မျက်မုန်းကျိုးတာကို ခံခဲ့ရတာ ဖြစ်ပါတယ်။