ချန်ပီယံလိဂ် ရှုံးပွဲတွေ့သွားတဲ့ ချဲလ်ဆီး၊ တူချယ်သတိပေးစကား၊ ဟာလန်းငြင်းတဲ့ ကမ်းလှမ်းမှုနဲ့ နံနက်ခင်း သတင်းများ

ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့ ပွဲစဉ်တွေမှာတော့ လက်ရှိ ချန်ပီယံ ချဲလ်ဆီး ဟာ အိမ်ကွင်းမှာ ရီးရဲ မက်ဒရစ် ကို ၃-၁ နဲ့ ရှုံးနိမ့် သွားခဲ့ပါတယ်။ ရီးရဲ အတွက် တိုက်စစ်မှူးကြီး ကာရင် ဘန်ဇီးမား က ဟက်ထရစ် သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ်။

စပိန် မြေပေါ်မှာ ကစားခဲ့တဲ့ နောက်တပွဲ မှာတော့ ဗီလာရီးရဲ ဟာ ဘိုင်ယန်မြုးနစ် အသင်းကို ၁-၀ နဲ့ အနိုင် ကစားသွားခဲ့ပါတယ်။ ဒါဟာ ဘိုင်ယန် ရဲ့ အဝေးကွင်း ရှုံးပွဲ မရှိ မှတ်တမ်းကိုလည်း ချိုးဖျက်သွားခဲ့တာပါ။

ချဲလ်ဆီးနည်းပြတူချယ်က အိမ်ကွင်းမှာ ရီးရဲကို အရေးနိမ့်မှုအတွက် အလွန်စိတ်ပျက်နေပြီး ဒါဟာသူတို့အတွက် ကြီးမာတဲ့ ရှုံးနိမ့်မှုဖြစ်ကြောင်း၊ တစ်ဦးချင်းရော၊ အသင်းလိုက်ပါ သူတို့ရဲ့ ကစားပုံက ကောင်းမွန်ခဲ့ခြင်းမရှိကြောင်း၊ ဒီလိုပုံစံမျိုးသာ ကစားမယ်ဆိုရင် ဆောက်သမ်တန်နဲ့ပွဲမှာလည်း ရှုံးနိမ့်မှာဖြစ်ပြီး ဘာနေဗျူးမှာလည်း ထိုးနှက် ခံရမှာဖြစ်ကြောင်း အသင်းသားတွေကို သတိပေးခဲ့ပါတယ်။

ရီးရဲမက်ဒရစ်တိုက်စစ်မှူးဘန်ဇီမာက ချဲလ်ဆီးကို အနိုင်ရခဲ့တာနဲ့ ပတ်သက်ပြီး သူုတို့ဟာ ပီအက်စ်ဂျီနဲ့ပွဲစဉ်တုန်းကလို နောက်ထပ် မှော်ဆန်တဲ့ညတစ်ညကို ဖန်တီးနိုင်ခဲ့ကြောင်း၊ ရီးရဲမက်ဒရစ်ရဲ့ စစ်မှန်တဲ့အရည်အသွေးတွေကို ပြသနိုင်ခဲ့ပြီး ပွဲအစ၊ အဆုံး ကစားပုံကောင်းမွန်ခဲ့ကြောင်း၊ ပထမပိုင်းပြီးခါနီးမှာ အခွင့်အရေး တစ်ကြိမ်လွဲချော်ခဲ့ပြီးနောက် ဟက်ထရစ် ဂိုး သွင်းနိုင်တဲ့အပေါ် အလွန်ပျော်ရွှင်မိကြောင်းဖွင့်ဟခဲ့ပါတယ်။

အေဂျက်ဇ်နည်းပြ တန်ဟတ်အနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်သွားပါက ဝုဖ်ကွင်းလယ်လူ ရူဘင်နီဗက်စ်ကို ဦးစားပေးခေါ်ယူသွားမှာဖြစ်ကြောင်းသတင်းတွေ ထွက်ပေါ်နေပါတယ်။ တန်ဟတ်ဟာနီဗက်စ်ကို ကာလ အတော်ကြာ စိတ်ဝင်စားခဲ့ပြီး ပေါ်တိုမှာ ကစားစဉ်ကတည်းက စောင့်ကြည့်လာခဲ့တာပါ။ မန်ယူရဲ့ ပစ်မှတ် စာရင်းထဲမှာလည်း နီဗက်စ်က ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

ဒေါ့မွန်တိုက်စစ်မူှး ဟာလန်းအနေနဲ့ ပရီးမီးယားလိဂ်ကလပ်မန်စီးတီးရဲ့ မက်မောဖွယ်ရာ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း AS က ဖော်ပြခဲ့ပါတယ်။ မန်စီးတီးဟာ ဟာလန်းကို တစ်ရာသီလုပ်ခ ယူရို ၂၈ သန်းနဲ့ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဟာလန်းက ငြင်းပယ်ခဲ့ကာ စပိန်မြေကို သွားဖို့ စိတ်အားထက်သန်နေကြောင်း သိရပါတယ်။

တီယာနေးအနေနဲ့ ရာသီကုန်အထိ အနားယူရမှာက အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ကြောင်း၊ တီယာနေးဟာ အာဆင်နယ်ကနေ ဖယ်ထုတ်ထားလို့မရတဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်ကြောင်း အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က ဆိုခဲ့ပါတယ်။

လီဗာပူးအနေနဲ့ အဓိကတိုက်စစ်မှူးဆာလတ်ကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့အတွက် အလှမ်းဝေးနေဆဲဖြစ်ကြောင်း သိရပါတယ်။ လီဗာပးူဟာ ဆာလတ်တောင်းဆိုတဲ့ တစ်ပတ်လုပ် ပေါင် ၄သိန်းကို ပေးချေလိုခြင်းမရှိဘဲ ပေါင် ၃ သိန်း သာ ပေးချေလိုကြောင်း 90min က ဖော်ပြထားပါတယ်။