ချဲလ်ဆီးရဲ့ ချန်ပီယံလိဂ်က ဒီနှစ် ပြီးသွားပြီ လို့ ရီးရဲလ်နဲ့ ပွဲပြီးမှာ ဆိုတဲ့ နည်းပြ တူချယ်
ချဲလ်ဆီး အသင်းရဲ့ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ မျှော်လင့်ချက်တွေဟာ ပြီးဆုံးသွားခဲ့ပြီလို့ နည်းပြ တူချယ်လ် က အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ် အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ပြောလိုက်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့လက်ရှိချန်ပီယံဖြစ်တာကြောင့် ချန်ပီယံဆုကို ဆက်ထိန်းနိုင်ဖို့ မျှော်လင့်ခဲ့တာပါ။ကွာတားဖိုင်နယ် ပွဲစဉ် ဒုတိယအကျော့ ကစားဖို့ ကျန်သေးပေမယ့် နည်းပြ တူချယ်လ် ကတော့ မျှော်လင့်ချက်တွေကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရန်ဖိုဒ့် အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် ရီးရယ်လ် အသင်းကိုလည်း အိမ်ကွင်းမှာပဲ ထပ်မံ အရေးနိမ့်ခဲ့တာပါ။

အဲ့ဒါကြောင့် ချဲလ်ဆီး အသင်းဟာ အိမ်ကွင်း(၂)ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ မျှော်လင့်ချက်တွေ ရှင်သန်နေသေးလားလို့ ရီးရယ်လ် အသင်းနဲ့ ပွဲအပြီးမှာ တူချယ်လ် ကို မေးမြန်းခဲ့တာပါ။
တူချယ်လ် ကတော့ “ မျှော်လင့်ချက် မရှိတော့ပါဘူး။ အခုအချိန်မှာတော့ ဒါတွေဟာ မရှိတော့ပါဘူး။ဘာကြောင့် မရှင်သန်နိုင်လဲ ဆိုရင်တော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အဆင့်ကို ပြန်ရှာဖွေရမယ်။ ဒါတွေက ဘယ်မှာရှိလဲတောင် မသိပါဘူး”
“အခုအချိန်ထိ ပွဲကတောင်းဆိုနေတဲ့ အရာတွေအားလုံးဟာ ကျွန်တော်တို့ရဲ့ အဆင့်နဲ့ ဝေးကွာနေပါသေးတယ်။ဒီလိုမျိုး စွမ်းဆောင်မှုတွေကနေ ရလဒ်တွေကို ခင်ဗျားတို့ မမျှော်လင့်သင့်ပါဘူး။ စနေနေ့မှာ ကစားမယ့် ဆောက်သမ်တန်နဲ့ ပွဲအတွက် အဆင်သင့်ပြင်ထားရတော့မှာပါ”
“ဒါပေမယ့် ဒီလို ပုံစံအတိုင်းသာ ဆက်ကစားမယ်ဆိုရင် ကျွန်တော်တို့ အမှတ်ရနိုင်မှာ မဟုတ်ပါဘူး”လို့ တူချယ်လ်က ပြောခဲ့တာဖြစ်ပါတယ်။