တစ်လ ၆ရက်ပဲ လုပ်ရမယ့် ရန်းနစ်၊ ဘယ်လင်ဟမ် တိုက်တွန်းမှု၊ ဖရက် အချက်အလက်နဲ့ ယနေ့ မန်ယူ သတင်းများ

လက်ရှိ နည်းပြ ရန်းနစ်ဟာ နောက်ရာသီမှာ အသင်း အကြံပေးနေရာကို တာဝန်ယူမှာ ဖြစ်ပြီး တစ်လ ၆ရက်သာ အလုပ် လုပ်ရမှာပါ။ ဒါကြောင့် လာမယ့် ၂နှစ် အတွင်း ရန်းနစ် အလုပ်လုပ်ရမှာက ၁၄၄ ရက်သာ ရှိတယ်လို့ သိရပါတယ်။

ရန်းနစ်ရဲ့ အကြံပေး ရာထူး ဆက်လက် သက်တမ်း တိုးဦးမလား ဆိုတာကတော့ နောက်လာမယ့် နည်းပြ သဘောတွေ့မှု အပေါ် မူတည်မယ်လို့လည်း ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ဟာ အေဂျက်နည်းပြ တန်ဟက်ကိုပဲ ခန့်အပ်ဖို့ ရှေ့ဆက်တိုးလာနေကြောင်း တယ်လီဂရပ်ဖ် သတင်းက ဖော်ထုတ်သွားပါတယ်။

မန်ယူအသင်း ကာလရှည် ပစ်မှတ်ထားနေတဲ့ ဝက်စ်ဟမ်း ကွင်းလယ်ကြယ်ပွင့် ဒီကလန်ရိုက်စ်ဟာ အနည်းဆုံး ပေါင် သန်း ၁၅ဝ လောက် ပေးရမှာ ဖြစ်လို့ ရိုက်စ်ထက် ဘယ်လင်ဟမ် ကို ခေါ်တာက ပိုထိရောက် ကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်မယ်လို့ အန်ဒီ ကိုးလ်က ထောက်ပြခဲ့ပါတယ်။

ကွင်းလယ်ကစားသမား ဖရက်ဟာ ဝေဖန်မှုတွေ များစွာ ခံနေရသူ ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက်မှာ ဒီရာသီ ပြိုင်ဘက်တွေရဲ့ တိုက်စစ်ဆင်မှုကို အဖြတ်တောက်နိုင်ဆုံး ကစားသမား အဖြစ် အကြိမ် ၃ဝ နဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဖရက်နောက်မှာ တော်မီနေးက ၂၈ ကြိမ်၊ မက်ဂွဲရား ၂၄ နဲ့ မာတစ် အကြိမ် ၂ဝ တို့ ဖြစ်ကြပါတယ်။

မန်ချက်စတာ ညနေခင်း သတင်း ဖော်ထုတ်ချက် အရတော့ ပေါလ် ပေါ့ဘာဟာ ယူနိုက်တက်နဲ့ ရှေ့ဆက်ဖို့ လမ်း ဆုံးသွားခဲ့ပြီ ဖြစ်ကာ ပီအက်စ်ဂျီက လာမယ့်နွေမှာ ပေါ့ဘာကို အလွတ်နဲ့ ခေါ်ယူဖို့ ချိတ်ဆက်နေပြီလို့ သိရပါတယ်။

တန်ဟက်ကို မန်ချက်စတာယူနိုက်တက် နည်းပြသစ် အဖြစ် ခန့်အပ်ဖွယ် ရှိလာတာနဲ့ ပတ်သတ်ပြီး မန်ယူနိုက်တက် အဝတ်လဲခန်းမှာ ကစားသမားတွေကြား သဘောထား ကွဲလွဲမှုတွေ ရှိနေကြောင်း သတင်းထွက်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးဟောင်း ဝိန်း ရွန်းနီကတော့ ပရီးမီးယားလိဂ် အတွေ့အကြုံ ကောင်းကောင်း ရှိထားတဲ့ ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနို ကိုပဲ မန်ချက်စတာကလပ်ကို ကိုင်တွယ်စေလိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။