ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ လီဗာပူး ပဲ အဓိက ဇာတ်လိုက်ကျော်တွေ ဖြစ်နေပြီလို့ ဝိန်းရွန်းနီ ဝန်ခံ
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးဟောင်း ဝိန်းရွန်နီ က လက်ရှိ ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ လီဗာပူး နှစ်သင်းက အားလုံးထက် အပြတ်အသတ် သာနေပြီး ပြိုင်ပွဲရဲ့ အဆင့်အတန်းကိုပါ ဒီနှစ်သင်းက ကိုယ်စားပြုနေပြီ လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ဖလားကိုလည်း စီးတီးနဲ့ လီဗာပူးတို့သာ လုရဖို့ ရှိနေပြီး အဆင့် ၃ နေရာက ချဲလ်ဆီးကလည်း သူ့ခြေသူ တည်ငြိမ်အောင်သာ ကြိုးစားနေရပါတယ်။
အဆင့် ၄ နေရာအတွက် မန်ယူ၊ အာဆင်နယ်၊ စပါး၊ ဝက်စ်ဟမ်းတို့ အပြိုင် ကြိုးစားနေဆဲ ဖြစ်ပြီး ရွန်းနီကတော့ စပါးက ပိုသာသွားမယ် ယူဆကာ အခုလို သုံးသပ်သွားခဲ့ပါတယ်။

“ကျွန်တော်ကတော့ အာဆင်နယ်နဲ့ စပါးတို့သာ အဆင့် ၄ နေရာကို ယှဉ်လုရတော့မယ် ထင်ပါတယ်။ ဒီနှစ်သင်းပဲ အဓိက ယှဉ်ပြိုင်ရမှာပါ။ မန်ယူနိုက်တက်အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်းအရတော့ သူတို့ ယှဉ်ပြိုင်နိုင်စွမ်း ရှိတော့မယ် မထင်ပါဘူး။
စပါးနဲ့ အာဆင်နယ်နှစ်သင်းထဲကဆိုရင် စပါးအသင်းက အတွေ့အကြုံပိုင်းမှာ ပိုသာနေပါတယ်။ ဒါကြောင့် စပါး အလေးသာနေတယ် လို့ ယုံကြည်ပါတယ်။ ဘယ်သူမှတော့ အဆင့် ၄ နေရာကို လိုချင်ကြမှာ မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ မန်စီးတီးနဲ့ လီဗာပူးလ်တို့ရဲ့နောက်မှာ စွမ်းဆောင်ရည် မတည်ငြိမ်တဲ့အသင်းတွေသာ ပြတ်ကျန် ခဲ့တာကြောင့်လေ။ ဒီလိုအသင်းနှစ်သင်းလို ရက်သတ္တပတ်တိုင်းမှာ စွမ်းဆောင်ရည် တည်တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်တဲ့ အသင်း မရှိသေးပါဘူး။
လက်ရှိပြိုင်ပွဲရဲ့ အဆင့်အတန်းကို သူတို့နှစ်သင်းက သတ်မှတ်ထားသလို ဖြစ်နေပါတယ်။ သူတို့နှစ်သင်းရဲ့နောက်မှာမှ ချဲလ်ဆီး၊ မန်ယူနိုက်တက်၊ အာဆင်နယ်၊ စပါးဆိုပြီး ရှိနေကြပါတယ်။ ဒီအသင်းတွေကတော့ အပေါ်ကနှစ်သင်းလောက် စွမ်းဆောင်ရည် မတည်ငြိမ်ကြတဲ့အသင်းတွေပေါ့။
ဒါကြောင့်လည်း လက်ရှိ အမှတ်ပေးဇယားရပ်တည်မှုအတိုင်း ဖြစ်လာခဲ့တာပါ။” လို့ မန်ယူနိုက်တက် ဂန္ထဝင် ဝိန်းရွန်နီက သုံးသပ်သွားခဲ့တာ ဖြစ်ပါတယ်။