မန်ယူကို ပွဲကြို သတိပေးစိန်ခေါ်သွားတဲ့ အဲဗာတန် နည်းပြ ဖရန့်လမ်းပတ်

အဲဗာတန်အသင်း နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် က စနေနေ့မှာ ရင်ဆိုင် ကစားရမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းကို ပွဲကြို သတိပေး စကား ပြောသွားခဲ့လိုက်ပါတယ်။

အဲဗာတန်ဟာ ဒီတစ်ပါတ် မန်ချက်စတာ ယူနိုက်တက် အသင်းကို ဂွတ်ဒီဆင် ပါ့ခ် မှာ ဧည့်ခံ ကစားရပါတော့မယ်။ ဒီလို ပွဲစဉ်မတိုင်မီ နည်းပြ လမ်းပတ် က မန်ယူအသင်း နဲ့ အခြားသော ပြိုင်ဖက်တွေကို သူတို့ဘက်က လက်လျှော့သွားမှာ မဟုတ်ကြောင်း သတိပေးသွားခဲ့လိုက်ပါတယ်။

” ကျွန်တော်တို့ရဲ့ ကစားသမားတွေ ရှေ့ဆက်လျှောက်ရပါ့မယ်။ သူတို့တွေဟာ မိုက်မဲသူတွေ မဟုတ်ကြဘူးလေ။ သူတို့ ရှေ့ဆက်လျှောက်ရမယ်ဆိုတာကို သိကြပါတယ် ။ ကျွန်တော်တို့ 9ပွဲ ဆက်ပြီး ကစားရပါဦးမယ်။ ပြီးတော့ ကျွန်တော်တို့က တန်းဆင်းဇုန်းရဲ့ အထက်မှာပါ ”

” ကျွန်တော်တို့ အရင်ကတော့ ကြိုမသိခဲ့ကြပေမယ့် အခုတော့ တိုက်ပွဲဝင်ရမယ်ဆိုတာကို သိနေခဲ့ကြပြီ။ လာမဲ့ ပွဲစဉ် 9 ပွဲမှာ ကျွန်တော်တို့ဟာ ရှိသမျှ အရာအားလုံး ပေးဆပ် ကစားရပါတော့မယ်။ ကျွန်တော်သာ ကစားသမား တစ်ဦးဆိုရင် အဲ့လိုပဲ လုပ်မှာပါ။ အသင်းမှာ ရှိတဲ့သူတွေ အားလုံးလည်း ဒါကို လုပ်သင့်နေပါပြီ ”

” ဒီညမှာတော့ ခံစားချက်တွေ မကောင်းမွန်ခဲ့ရဘူး။ ဘယ်လိုပဲ ဖြစ်ပါစေ ၃ ရက်နေရင် ကျွန်တော်တို့ နောက်တစ်ပွဲ ကစားရမယ်ဆိုတာကို နားလည်ထားကြရပါ့မယ်။ ကျွန်တော်တို့ လိဂ်မှာ ဆက်ရှိနေဖို့ လုံလောက်တဲ့ ကစားပွဲ ကစားရဖို့ ရှိနေပါသေးတယ် ”

” ကျွန်တော်တို့ ဒီအတွက် ဆက်လက် တိုက်ပွဲဝင်သွားကြမှာပါ။ ကျွန်တော်တို့ အလုပ်တွေ ဆက်ကြိုးစားရင်း တိုက်ပွဲဝင်ရင်း ပြင်ဆင်မှုတွေ လုပ်ဆောင်သွားရဦးမှာ။ ဒီညမှာ လုပ်ခဲ့တဲ့ အမှားမျိုး မလုပ်ဖြစ်အောင် ဆက်လက် ကြိုးစားရမှာပါ ” လို့ လမ်းပတ် က ပြောဆိုခဲ့ပါတယ်။

လမ်းပတ် ကိုင်တွယ်နေတဲ့ အဲဗာတန် အသင်းဟာ ကြားရက် ပွဲမှာ ဘန်လေ အသင်းကို ရင်ဆိုင် ကစားခဲ့ရပြီး 3 – 2 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် သွားခဲ့တဲ့နောက် အမှတ်ပေး ဇယား အဆင့် 17 နေရာ ၊ ဘန်လေ နဲ့ 1 မှတ် အကွာကို ရောက်သွားခဲ့ပါတယ်။

လမ်းပတ်ဟာ ဒီရာသီ အဲဗာတန်တို့ ရလဒ် မကောင်းတဲ့ အချိန်မှာ နည်းပြသစ် အဖြစ် ဂွတ်ဒီဆင် ပါ့ခ် ကွင်းထဲကို ရောက်လာသူ ဖြစ်ခဲ့ပြီး ကိုင်တွယ်ခဲ့တဲ့ ပွဲစဉ် ၉ ပွဲမှာ ၇ ပွဲ အထိ ရှုံးနိမ့်ခဲ့တဲ့နောက် တန်းဆင်းဇုန်နားကို ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။