မက်ဆီက လွဲလို့ ကစားသမားတိုင်းက ရော်နယ်ဒိုကို မနာလိုဖြစ်နေတာ ရွန်းနီ ဝန်ခံ
မန်ယူ တိုက်စစ်မှုးဟောင်း ဝိန်းရွန်းနီဟာ သူက ခရစ္စတီယာနို ရော်နယ်ဒိုကို မနာလိုဖြစ်နေတယ်ဆိုတဲ့ ရော်နယ်ဒိုရဲ့ ပြောဆိုမှုကို ဂရုမစိုက်သလို ရယ်ပစ်ခဲ့ပါတယ်။
အသက်၃၇ နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ပေမယ့်လဲ ကလပ် အတွက် အလုပ်မဖြစ်ခဲ့ဘူးလို့ ရွန်းနီက စတင် ဝေဖန်ခဲ့တာပါ။
ရွန်းနီရဲ့ ဝေဖန်မှုကို ရော်နယ်ဒိုက အင်စတာဂရမ်က ကွန်မန့်မှာ တုံ့ပြန်ခဲ့ပြီး ‘မနာလိုဖြစ်နေတာ’ လို့ ပြန်လည် ရေးသားခဲ့ပါတယ်။

ဒါပေမယ့် ရွန်းနီကတော့ လက်ရှိကစားသမားအားလုံးက ရော်နယ်ဒိုကို မနာလို ဖြစ်သင့်ပါတယ်လို့ ဝန်ခံခဲ့တာ ဖြစ်ပါတယ်။
“အဲ့ဒါကို ဒီမနက် ကျွန်တော်တွေ့ခဲ့ပါတယ်။ ခရစ္စတီယာနိုကို မနာလိုမဖြစ်တဲ့ ဘောလုံးသမားဆိုတာ ဒီကမ္ဘာပေါ်မှာ မရှိလောက်ဘူး။ သူရရှိခဲ့တဲ့ ဝင်ငွေတွေ၊ သူအောင်မြင်ခဲ့တဲ့ ဆုဖလားတွေ၊ သူပိုင်ဆိုင်ခဲ့တဲ့ ကစားသမားဘဝအပြင် သူ့ရဲ့ six pack ကြွက်သားတွေကြောင့် ရောပေါ့။ မက်ဆီကလွဲရင် ကစားသမားအားလုံးက ခရစ္စတီယာနိုကို မနာလို ဖြစ်ကြမှာပဲ”လို့ ရွန်းနီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဒီရာသီ အိုးလ်ထရက်ဖို့ဒ်ရဲ့ သွင်းဂိုးမှတ်တမ်းမှာ ဦးဆောင်နေပါတယ်။ သူဟာ ရက်ဖ်ရန်းနစ်ရဲ့ အသင်းအတွက် ပရီးမီးယားလိဂ် ၂၄ ပွဲမှာ ၁၂ ဂိုး သွင်းယူခဲ့ပြီး ၃ ဂိုး ဖန်တီးပေးခဲ့တာပါ။
မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ထိပ်ဆုံးလေးနေရာအတွက် ကြိုးပမ်းနေဆဲဖြစ်ပြီး နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်နေရာမှာ ရှိနေတဲ့ စပါးအသင်းနဲ့ ၃ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။