ဟာဇက် ကို အံ့အားသင့်ဖွယ် ချိတ်ဆက်နေခြင်း၊ တီယာနေး နေရာ ဆာကာနဲ့ ယနေ့ အာဆင်နယ် သတင်းများ
ဖီနာဘာချီအသင်းကနေ ထုတ်ပယ်ခြင်း ခံထားရတဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း အိုဇေးလ်ကို ခေါ်ယူဖို့အတွက် မေဂျာလိဂ် မိုင်ယာမီက စိတ်ဝင်စားလျက်ရှိနေပါတယ်။ အင်တာမိုင်ယာမီအနေနဲ့ ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေကတည်းက အိုဇေးလ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး အိုဇေးလ်ဟာ ၂၀၂၁ ခုနှစ်အတွင်း ဖီနာဘာချီနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။
အာဆင်နယ်အနေနဲ့ ရီးရဲမက်ဒရစ်တိုက်စစ်ကစားသမား အီဒင်ဟာဇက်ကို ခေါ်ယူဖို့အတွက် အံ့အားသင့်ဖွယ် ဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အာဆင်နယ်ဟာ ဟာဇက်ရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ပြီးခဲ့တဲ့တစ်ပတ်က သူ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က မန်ယူအနေနဲ့ နည်းပြတန်ဟတ်ကို ခန့်အပ်ပြီး အာဆင်နယ် အာတီတာကို ခန့်အပ်ကာ ယုံကြည်စွာနဲ့ တချို့အရာတွေကို လုပ်ပိုင်ခွင့် ပေးထားတဲ့ ပုံစံမျိုး အခွင့်အရေး ပေးရမှာ ဖြစ်ကြောင်း မှတ်ချက်ပြု တိုက်တွန်းခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ ဂျူဗင်တပ်တိုက်စစ်ကစားသမား ဒိုင်ဘာလာကိုလည်း ခေါ်ယူနိုင်ဖို့ ကနဦး ဆက်သွယ်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ ဒိုင်ဘာလာ ရာသီကုန်မှာ ဂျူဗင်တပ်နဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းကနေ အလွတ်နဲ့ ထွက်ခွာနိုင်ဖို့ စီစဉ်လျက်ရှိနေတာပါ။ အာဆင်နယ်အနေနဲ့ လာမဲ့နွေမှာ တိုက်စစ်ပိုင်းကို အားဖြည့်သွားမှာဖြစ်ပြီး ထိပ်တန်းတိုက်စစ်မှူးတွေကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
အာဆင်နယ် နည်းပြ အာတီတာကတော့ တိုက်စစ်မှူး အူဘာမီယန်ကို ရောင်းထုတ်လိုက်တာ မှားယွင်းသလားလို့ အမေးခံခဲ့ရာမှာ သူ့အနေနဲ့ မှားယွင်းတယ်လို့ မထင်ကြောင်း၊ သူ့အနေနဲ့ ဒီလိုမေးခွန်းမျိုးကို မေ့ထားကြောင်း၊ ရှုံးပွဲ တစ်ပွဲကြုံပြီးရတိုင်း ဒီလိုမေးခွန်းမျိုးတွေက ရောက်လာမှာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက သူ့အနေနဲ့ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေကို ခေါ်ယူနိုင်မယ် လို့ မျှော်လင့်ထားကြောင်း၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့ ယှဉ်ပြိုင်ရတဲ့အခါ ပွဲစဉ်များစွာ ကစားရမှာဖြစ်တဲ့အတွက် လူစာရင်း တောင့်တင်းဖို့ လိုအပ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်ဂန္ထဝင် မာတင်ကီအွန်က အာတီတာအနေနဲ့ တီယာနေး ဒဏ်ရာရပြီးနောက် ဘယ်နောက်ခံလူနေရာမှာ ဆာကာကို အသုံးပြုသင့်ကြောင်း၊ အာဆင်နယ်အနေနဲ့ ဘယ်ဘက်ခြမ်း ပြဿနာကို အဖြေရှာဖို့လိုအပ်နေကြောင်း၊ ပီပီကို ညာတောင်ပံမှာ ကစားစေကာ ဆာကာကို ဘယ်နောက်ခံလူအဖြစ် ထားလို့ရနိုင်ကြောင်း ဆိုခဲ့ပါတယ်။
ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟော်က အာဆင်နယ်အနေနဲ့ အဲဗာတန်တိုက်စစ်မှူး လီဝင်ကို မခေါ်သင့်ကြောင်း၊ လီဝင်ဟာ အမြင့်ဘောတွေလောက် ကောင်းမွန်သူဖြစ်ပြီး ဘောလုံးကိုင်ကစားရာမှာ မကောင်ကြောင်း၊ အာဆင်နယ်ရဲ့ပုံစံနဲ့ လိုက်ဖက်မှာ မဟုတ်ကြောင်း ဆိုခဲ့ပါတယ်။