အလှု့ဒါယိကာကြီး မက်ဂွဲရားကြောင့် အဝေးကွင်းမှာ အဲဗာတန်ကို ရှုံးသွားပြန်တဲ့ မန်ယူအသင်း
ဒီညနေ အစောပိုင်း ပရီးမီးယားလိဂ် ပွဲစဉ် ဖြစ်တဲ့ အဲဗာတန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲမှာတော့ အိမ်ရှင် အဲဗာတန် အသင်းက ၁-ဝ နဲ့ အနိုင်ရရှိသွားပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ အိမ်ရှင် အဲဗာတန်ကလဲ တန်းမဆင်းရရေး အမှတ်ရဖို့ လိုနေတဲ့ပွဲဖြစ်သလို မန်ယူနိုက်တက်ကလဲ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အမှတ် လိုနေတာကြောင့် နှစ်သင်းလုံး တောင့်တင်းတဲ့လူစာရင်းတွေနဲ့ ပွဲထွက်လာပါတယ်။
ဂွတ်ဒီဆင်ပါ့ခ် ကွင်းဟာ အသင်းတိုင်းအတွက် အခက်တွေ့စေတဲ့ကွင်း ဖြစ်တာနဲ့အညီ ယူနိုက်တက်အတွက် ကစားရ မလွယ်ကူစေခဲ့ဘဲ တော်တော်လေး အခက်တွေ့စေခဲ့တာပါ။
ဒီပွဲအတွက် တစ်လုံးတည်းသော သွင်းဂိုး ဖြစ်တဲ့ အဲဗာတန် ရဲ့ အနိုင်ဂိုးကို ပွဲချိန် ၂၇မိနစ်မှာ ရစ်ချာလီဆန်ရဲ့ ဧရိယာထဲ ချိုးပေးမှုကို ဧရိယာ ထိပ်နားက ဂေါ်ဒွန်ကပြေးဝင်ပိတ်သွင်းရာမှာ မန်ယူ ပရိသတ်တွေရဲ့ အချစ်တော်ကြီး မက်ဂွဲရား နဲ့ ထိပြီး ဂိုးဝင်သွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပထမပိုင်းမှာ ချေပဂိုးရဖို့ ဘောလုံး ကိုင်ကစားခဲ့တာဆိုပေမယ့် ဘောလုံး ကိုင်ထားတာက လွဲရင် ဘာမှဆက်မဖြစ်ခဲ့ဘဲ တိုက်စစ်က ယောင်စိန်လုပ်နေရင်းနဲ့သာ ပထမပိုင်းပြီးခဲ့ရတာပါ။
ဒုတိယပိုင်းမှာ ယူနိုက်တက်ဟာ ရပ်ရှ်ဖို့ဒ်၊ မာတစ်တို့ကိုထုတ်ပြီး မာတာ၊ အယ်လန်ဂါတို့လို တိုက်စစ်အားသန် ကစားသမားတွေ ထည့်သွင်းကာ တစ်သင်းလုံးတိုက်စစ်ဆင်ခဲ့ပေမယ့် ဘာမှထူးမလာပါဘူး။
မန်ယူနိုက်တက် ဟာ တောင်ပံတွေကနေတစ်ဆင့် ထိုးဖောက်ဖို့ကြိုးစားခဲ့ပေမယ့် မဟာတံတိုင်းလို မာကျောတဲ့ အဲဗာတန် ခံစစ်ကြောင့် တိုးမပေါက်နိုင်ဘဲ အကျိုးမထူးခဲ့တာပါ။
အဲဗာတန်ဟာ အိမ်ကွင်းမှာ ဦးဆောင်ဂိုးစသွင်းပြီးရင် အရှုံးဆိုတာနဲ့ မရင်ဆိုင်ရတော့တာ ၂၀၁၆ ကတည်းက ဖြစ်တဲ့ စံချိန်ကို ပိုင်ဆိုင်ထားတဲ့ အသင်း ပီပီ ဒီနေ့မှာလဲ မန်ချက်စတာ ယူနိုက်တက်ကို ဦးဆောင်ဂိုး သွင်းကာ အနိုင်ယူခဲ့ပြန်ပါပြီ ဖြစ်ပါတယ်။