အကြီးကျယ်ဆုံး နှိုင်းယှဉ် ချီးကျူးမှုကို ပိုင်ဆိုင်သွားတဲ့ မန်စီးတီး V လီဗာပူး ထိပ်တိုက် တွေ့ဆုံမှု

လီဗာပူးနဲ့ မန်စီးတီးကြား ပြိုင်ဆိုင်မှုဟာ အင်္ဂလန်ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံး အပြင်းထန်ဆုံးသော ပြိုင်ဆိုင်မှုပဲလို့ ဂျေမီကာရေဂါက ညွှန်းဆိုလိုက်ပါတယ်။

တနင်္ဂနွေနေ့ အီသီဟဒ်က ထိပ်တိုက်တွေ့ဆုံမှု မတိုင်ခင် လီဗာပူးနောက်ခံလူဟောင်းက နှစ်သင်းလုံးကို ကမ္ဘာ့အကောင်းဆုံး အသင်းတွေအဖြစ် ချီးကျူးခဲ့တာပါ။ အာဆင်နယ်နဲ့ ယူနိုက်တက်ကြား ပြိုင်ဆိုင်မှုဟာ ပရီးမီးယားလိဂ်ခေတ်ကို ပေါ်လွင်စေခဲ့ပေမယ့် အဲ့ဒီ့အသင်းတွေဟာ ဥရောပမှာ ခဏတာလောက်သာ ပြိုင်ဆိုင်ခဲ့တာကြတာလို့ ကာရေဂါက ထောက်ပြခဲ့ပါတယ်။

အခု စီးတီးနဲ့ လီဗာပူးတို့ဟာ ပရီးမီးယားလိဂ်အတွက် တိုက်ပွဲဝင်နေရုံတင်မက နောက်တစ်ပတ် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ တွေ့ကြမှာဖြစ်ပြီး ပါရီက ချန်ပီယံလိဂ်ဖိုင်နယ်မှာ ထပ်တွေ့ရဖို့ အလားအလာ ရှိနေပါတယ်။

ကာရေဂါက ” လီဗာပူး Vs မန်စီးတီးက အင်္ဂလန် ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံး၊ အပြင်းထန်ဆုံးနဲ့ အရည်အသွေး အမြင့်မားဆုံး ပြိုင်ဆိုင်မှု ဖြစ်လာခဲ့တယ်။ ပြိုင်ဘက်ကင်းတဲ့ အရာလည်း ဖြစ်တယ်။ အကောင်းဆုံးနည်းပြတွေ ဦးဆောင်နေတဲ့ အင်္ဂလန်က အကောင်းဆုံး အသင်းနှစ်သင်းက ကမ္ဘာ့အကောင်းဆုံး အသင်းနှစ်သင်း ဖြစ်နေတဲ့ ပထမဆုံးအကြိမ်ပါ။

မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ် နဲ့ ချယ်ဆီးပရိသတ်တွေဆီက ကွဲလွဲတဲ့ သဘောထားတွေကို ကျွန်တော်ကြားနိုင်ပါတယ်။ နှိုင်းယှဉ်ဖို့ ထိုက်တန်တဲ့ ထိပ်တိုက်တွေ့ဆုံမှု များစွာ ရှိတယ်။ ဆာအဲလက်စ်နဲ့ အာဆင်ဝင်းဂါးတို့ အကောင်းဆုံး အချိန်တွေတုန်းက ယှဉ်ပြိုင်ခဲ့ကြတဲ့ ပွဲတွေမှာ အရည်အသွေးချင်း တူညီတယ်လို့ အများက ပြောလိမ့်မယ်။ သူတို့က ဥရောပမှာတော့ ဩဇာမညောင်းပါဘူး။

သူတို့ရဲ့ ပရီးမီးယားလိဂ် အင်အား အကောင်းဆုံး အချိန်မှာတောင် တစ်သင်းက ချန်ပီယံ မဖြစ်ခဲ့ရင် တခြားအသင်းက ဖြစ်မှာပဲဆိုတာ သိသာတယ်။ ယူနိုက်တက်နဲ့ အာဆင်နယ်က ဥရောပမှာ ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်၊ ဂျူဗင်တပ်တို့ထက် သာခဲ့လား။ မသာခဲ့ပါဘူး။ ယူနိုက်တက် Vs အာဆင်နယ်က ပြည်တွင်းမှာပဲ အပြိုင်အဆိုင် ဖြစ်ခဲ့တာပါ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒီရာသီမှာ စီးတီးနဲ့ လီဗာပူး နှစ်သင်းလုံးဟာ စစ်မှန်တဲ့ သမိုင်းဝင်ရာသီကို ပိုင်ဆိုင်ရဖို့ အခွင့်အရေး ရှိနေပါတယ်။ စီးတီးဟာ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား နဲ့ ချန်ပီယံလိဂ် ဖလားသုံးလုံးအတွက် ကြိုးပမ်းနေပြီး ကာရာဘောင်းဖလား အောင်မြင်ပြီးသားဖြစ်တဲ့ လီဗာပူးကတော့ ဖလားလေးလုံး လမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်ပါတယ်။