မန်ယူ အကြောင်းချည်းပဲ မေးနေကြလို့ စိတ်ပျက်စွာ သတိပေးလိုက်တဲ့ နည်းပြ တန်ဟက်

မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာမယ့် သတင်းကြီးနေတဲ့ အေဂျက်စ်နည်းပြ အဲရစ်တန်ဟက် က တော့ အေဂျက်စ်ရဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲတွေမှာ သတင်းထောက်တွေက ယူနိုက်တက် အကြောင်းပဲ မေးနေတဲ့အပေါ် စိတ်ပျက်နေပြီး ပြတ်ပြတ်သားသားလည်း သတိပေးလိုက်ပြီ ဖြစ်ပါတယ်။

ရိုသာဒမ်နဲ့ ကစားမယ့် နယ်သာလန် အမှတ်ပေးပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အဲရစ်တန်ဟက်ခ်က ဒီလိုမျိုး တုံ့ပြန်ခဲ့တာပါ။ အဲရစ်တန်ဟက် ဟာ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ သေချာသလောက်ရှိနေတဲ့ နည်းပြဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ အဲရစ်တန်ဟက် က ယူနိုက်တက်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ထပ်မံ ရင်ဆိုင်ခဲ့ရပါတယ်။

နည်းပြ အဲရစ်တန်ဟက် က “ကျနော် ပွဲအကြောင်းပဲ ပြောချင်ပါတယ်။ ကောလာဟလတွေကို ကျနော် မတုံ့ပြန်ချင်ပါဘူး။ ပွဲအကြောင်း ခင်ဗျားတို့ မေးဖို့ မရှိဘူးဆိုရင် ကျနော် အဝတ်လဲခန်းထဲ ဝင်ပါတော့မယ်။ ကျနော် အေဂျက်စ်အတွက်ပဲ အာရုံစိုက်ထားပါတယ်”

“ဒါပေမယ့် ဘောလုံးလောကမှာ ခင်ဗျားတို့ ဘာကိုမှ ကြိုမသိနိုင်ပါဘူး။ ကျနော် ဘာကိုမှ မငြင်းဆန်ချင်ပါဘူး” လို့ ပြောကြား သွားခဲ့တာပဲဖြစ်ပါတယ်။

အေဂျက်စ်ကလည်း အသင်းရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွေမှာ မန်ယူအသင်း အကြောင်းချည်း မေးနေတာကြောင့် အင်္ဂလိပ်မီဒီယာတွေကို တက်ရောက်ခွင့် ပိတ်ပင် ထားပါတယ်။

နည်းပြ အဲရစ်တန်ဟက် ကို အသင်းနဲ့အတူ (၃) ကြိမ်မြောက် အမှတ်ပေးချန်ပီယံဆုရရှိဖို့အတွက်သာ အေဂျက်စ် အသင်းက အာရုံစိုက် စေလိုပါတယ်။