စီးတီး နိုင်ခဲ့သင့်တယ် ဆိုတဲ့ ဒီဘရိုင်း၊ ရော်နယ်ဒိုရဲ့ အဲဗာတန်နဲ့ ပွဲကိစ္စ အပါအဝင် ယနေ့ နံနက်ခင်း သတင်းများ

ညက မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ ပရီးမီးယားလိဂ်မှာ ထိပ်တိုက်တွေ့မှုကတော့ ပွဲကောင်း တစ်ပွဲ ဖြစ်ပြီး တဖက် ၂ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။ စီးတီးအသင်းခေါင်းဆောင် ဒီဘရိုင်းကတော့ သူတို့အသင်း ဒီပွဲမှာ အနိုင်ရသင့်ခဲ့တယ် လို့ ပွဲ အပြီးမှာ ဆိုပါတယ်။

အဲဗာတန်ကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး စီရော်နယ်ဒို အနေနဲ့ ဥမင်အတွင်းဝင်စဉ်မှာ အဲဗာတန်ပရိသတ်တစ်ဦးရဲ့ဖုန်းကို ရိုက်ချခဲ့မှုအတွက် ရဲတပ်ဖွဲ့က စုံစမ်းမှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း အတည်ပြု ခဲ့ပါတယ်။ ပွဲအပြီးမှာ သူ့ရဲ့လုပ်ရပ်အတွက်လည်း စီရော်နယ်ဒိုက တောင်းပန်စကား ပြောဆိုထားပါတယ်။

ဘိုင်ယန်မြူးနစ်နည်းပြ နစ်ဂျယ်မန်းက တောင်ပံကစားသမား ဆာနေးအနေနဲ့ ဘာကြောင့် ခြေစွမ်းပြနိုင်ခြင်း မရှိသလဲ ဆိုတာ မိမိအနေနဲ့ မသိရှိကြောင်း၊ မိမိအနေနဲ့ ဆာလတ်ကို ပုဂ္ဂိုလ်ရေးအရရော၊ကစားသမားအနေနဲ့ သဘောကျကြောင်း၊ ဆာနေးဟာ အံ့အားသင့်ဖွယ်ကောင်းတဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဘရာဇီးဂန္ထဝင်ဟောင်း ရော်နယ်ဒင်ဟိုက ဘာစီလိုနာအနေနဲ့ ဒီရာသီမှာ ရီးရဲမက်ဒရစ်ကို ကျော်ဖြတ်ပြီး လာလီဂါ ချန်ပီယံဆုကို ရယူနိုင်ချေရှိနေကြောင်း၊ ဘာစီလိုနာအနေနဲ့ ကစားပုံ ပြန်လည်ကောင်းမွန်လာခြင်း အပေါ် စိတ်လှုပ်ရှားမိကြောင်း၊ ဘာစီပရိသတ်တစ်ယောက်အနေနဲ့ ကောင်းမွန်တဲ့အရာတွေ ဖြစ်ပေါ်လာဖို့ မျှော်လင့်ရကြောင်း ဆိုခဲ့ပါတယ်။

ဂျာမနီလက်ရွေးစင် ကစားသမားဟောင်း ဟာမန်းက မော်ရင်ဟို၊ အန်ဆယ်လော့တီနဲ့ ကလော့တို့ဟာ မန်စီးတီးနည်းပြ ဂွါဒီယိုလာထက် ပိုမိုကောင်းမွန်မှုရှိကြောင်း၊ အဲဒီနည်းပြ ၃ ဦးနဲ့ နှိုင်းယှဉ်ရင် ဘောလုံးနယ်ပယ်မှာဂွါဒီယိုလာရဲ့ ပုံရိပ်က သေးငယ်ကြောင်း ဆိုခဲ့ပါတယ်။

လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက တိုက်စစ်မှူးဆာလတ်အနေနဲ့ လီဗာပူးကနေ ထွက်ခွာသွားရင် ဂန္ထဝင် ဖြစ်တည်မှုကို ဆုံးရှုံးရနိုင်ကြောင်း၊ မိုဆာလတ်နဲ့ သူ့ကိုယ်စားလှယ်တွေအနေနဲ့ လီဗာပူးမှာသူ့ရဲ့ဖြစ်တည်မှုကို နားလည် သင့်ကြောင်း သတိပေးတိုက်တွန်းခဲ့ပါတယ်။

ဂျူဗင်တပ်အနေနဲ့ ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ခေါ်ယူနိုင်ဖို့ နီးစပ်လျက်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေ ပါတယ်။ ဂျော်ဂျင်ဟိုရဲ့ စာချုပ်သက်တမ်းဟာ ၁၈ လသာ ကျန်ရှိနေတာ့ပြီး ချဲလ်ဆီးနဲ့ စာချုပ်ကိစ္စ ဆွေးနွေးနိုင်ခြင်း မရှိ ဖြစ်နေတာပါ။

အာဆင်နယ်ဂိုးသမား ရမ်ဒေးစ်က ၂ ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့တာက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေ ကောင်းမွန်မှု မရှိကြောင်း ဝန်ခံလိုက်ပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ လာမဲ့ရက်သတ္တပတ်မှာ အခြေအနေဆိုးကနေ ရုန်းထွက် ရတော့မှာ ဖြစ်ကြောင်း၊ သူတို့အနေနဲ့ နိုင်ပွဲမဖြစ်မနေ လိုအပ်နေကြောင်း ဆိုခဲ့ပါတယ်။