မဟာပြိုင်ဘက်တွေ ဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးကို မနေနိုင်စွာ ချီးကျူးလိုက်ရတဲ့ မန်ယူ ဂန္တဝင် ရွိုင်ကိန်း

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ရွိုင်ကိန်းက သူတို့ရဲ့ မဟာပြိုင်ဘက်ကြီး ၂သင်း ဖြစ်တဲ့ မန်စီးတီးနဲ့လီဗာပူးပွဲက နှစ်သင်းကစားပုံနဲ့ ပတ်သက်လို့ မနေနိုင်ဘဲ ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

ထိုပွဲမှာ နှစ်သင်းလုံးက အားကုန်ထုတ် တိုက်စစ်ဆင် ကစားခဲ့ကြပြီး မန်စီးတီးက ဒီဘရိုင်း၊ ဂျေးဆုတို့ရဲ့ သွင်းဂိုးတွေကို ဂျိုတာ၊ မာနေးတို့က ချေပခဲ့ကာ တဖက်နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။

ဒီပွဲနဲ့ပတ်သက်လို့ ရွိုင်ကိန်းက “နှစ်သင်းရဲ့ အရည်အချင်း ကစားသမားတွေရဲ့ အရည်အသွေးအရ နှစ်သင်းလုံးက နောက်ဆုံးအချိန်အထိ အနိုင်ရဖို့ ကြိုးစားခဲ့ကြပါတယ်။ ဘယ်အသင်းကမှ အကြာကြီး လွှမ်းမိုးထားတယ် ဆိုတာ မရှိပါဘူး”

“ဘာလို့လဲဆိုတော့ နှစ်သင်းလုံးက အရည်အသွေးအပြည့်နဲ့မို့လို့ပါ။ လီဗာပူးက ရုန်းကန်လိုက်ရသေးတယ် ဆိုပေမယ့် ဒုတိယပိုင်းမှာတော့ သူတို့ရဲ့ပုံစံကို ပြသနိုင်ခဲ့ပါတယ်။ ကလော့ပ်က ပထမပိုင်းပြီးတော့ ကစားသမားတွေကို စစ်မှန်တဲ့ အရောင်အသွေးကို ပြသဖို့ မှာလိုက်တဲ့ပုံပါပဲ”

“ဒါကို ကျနော်တို့ ဒုတိယပိုင်းမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် မန်စီးတီးကလည်း ကောင်းမွန်တဲ့ အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ တကယ်ကို အံ့အားသင့်ဖွယ် ကောင်းလွန်းခဲ့တဲ့ပွဲတပွဲပါ။ ကျနော်လည်း အရမ်း ကြိုက်ခဲ့ရတယ်။ နှစ်ဖက်ကစားသမားအားလုံးကိုလည်း ကျနော် ချီးကျူးပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးနဲ့မန်စီးတီး ဒီရာသီ ထိပ်တိုက်တွေ့ထားတဲ့ နှစ်ကျော့လုံးမှာ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ လာမယ့် စနေမှာတော့ ဒီနှစ်သင်းက အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဝင်ဘလေကွင်းမှာ ရင်ဆိုင်ကစားရဦးမှာပါ။

ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း ပြိုင်ဘက်တွေကို ဆက်တိုက်ကျော်ဖြတ်နိုင်ခဲ့ရင် ဗိုလ်လုပွဲမှာ ထိပ်တိုက် တွေ့ဆုံဖွယ် ရှိနေပါတယ်။