ယူရို သန်း ၈ဝ တန် လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် တိုက်စစ်မှုးကို ချိတ်ဆက်နေတဲ့ မန်ယူ

မန်ချက်စတာ ယူနိုက်တက်ဟာ ဘင်ဖီကာနဲ့အတူ တောက်ပနေတဲ့ တိုက်စစ်မှူး နူနက်ဇ်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။ မန်ယူက အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ တိုက်စစ်ပိုင်းကို အင်အားမြှင့်တင်လိုနေတာပါ။

မန်ယူအသင်းမှာ ကြယ်ပွင့် တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ကာဗာနီ ၊ မာရှယ်နဲ့ ဂရင်းဝုဒ်တို့ရဲ့ အနာဂတ်တွေက မသေချာတော့သလို ရိုနယ်ဒို ၊ ရက်ဖို့ဒ် စတဲ့ ကစားသမားတွေကလည်း ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းနေပါတယ်။

ဘင်ဖီကာမှ အသက် ၂၂နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး နူနက်ဇ်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် အထောင်တိုက်စစ်မှူးတွေထဲက တဦးပါ။ ၎င်းက အရပ်အမောင်း မြင့်မားကာ တိုးအား ရုန်းအားကောင်းသလို မြန်နှုန်းမြင့် ကစားဟန်ကို နှစ်သက်သူ တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် ကင်းထောက်အဖွဲ့ရဲ့ သဘောကျ နှစ်သက်ခြင်းကို ခံနေရပါတယ်။

နူနက်ဇ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘင်ဖီကာအတွက် ပြိုင်ပွဲစုံ ၃၆ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃၁ဂိုး အထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်တာကြောင့် ဘင်ဖီကာဘက်က သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၈ဝ ဝန်းကျင် အလိုရှိနေပါတယ်။

ဘင်ဖီကာက နူနက်ဇ်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ စီစဉ်နေပြီး မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပရဲ့ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီး ၊ ပီအက်စ်ဂျီ ၊ ဘိုင်ယန်မြူးနစ် စတဲ့ အသင်းတွေက ၎င်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

နာမည်ကြီး သတင်းထောက် ရိုမာနိုရဲ့ ဖော်ပြချက်အရ နူနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ မန်ချက်စတာ ယူနိုက်တက်က ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပြီး မန်ယူ တာဝန်ရှိသူတွေနဲ့ နူနက်ဇ်ရဲ့ အေးဂျင့်တို့ကြားမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။