ချန်ပီယံလိဂ် မှာ ချဲလ်ဆီးက အခက်ခဲဆုံး ပြိုင်ဘက်ပါပဲလို့ နှစ်သိမ့်အားပေးလိုက်တဲ့ မိုဒရစ်
ချန်ပီယံလိဂ် မှာ သူ ရင်ဆိုင်ခဲ့ဖူးသမျှ အသင်းတွေထဲ ချဲလ်ဆီးက အခက်ခဲဆုံး ပြိုင်ဘက် အသင်းပဲလို့ မနေ့ကပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူမိုဒရစ်က ပြောဆို နှစ်သိမ့်လိုက်ပါတယ်။
ပထမအကျော့က ချဲလ်ဆီး ကွင်းမှာ ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ ရီးရဲလ်ဟာ အိမ်ကွင်းမှာ ၂-၃ နဲ့ အရေးနိမ့်အောင်ကို မနည်းကစားခဲ့ရပြီး အချိန်ပိုမှာ ဘန်ဇီမာသွင်းယူခဲ့တဲ့ဂိုးကြောင့်သာ နောက်တဆင့်တက်နိုင်ခဲ့တာပါ။
ချဲလ်ဆီး ရဲ့ ခြေစွမ်းနဲ့ ကြိုးစားအားထုတ်မှုက ထိပ်တန်းအဆင့်မှာရှိနေခဲ့ပြီး မိုဒရစ် ကိုယ်တိုင်က ချီးကျူးသွားခဲ့ရပါတယ်။

ခရိုအေးရှားသားက ပွဲအပြီးမှာတော့ “နည်းပြက ကောင်းမွန်တဲ့ပြောင်းလဲမှုတွေလုပ်နိုင်ခဲ့လို့ ကျနော်တို့ နောက်တဆင့် တက်ခဲ့တာပါ၊ ဒိလိုပြိုင်ပွဲမျိုးက အတွေ့အကြုံရင့်ကစားသမားတွေ အရေးပါပြီး ဒီနေ့မှာ အဲဒါက နည်းနည်းလေး အကူအညီ ဖြစ်ခဲ့ပါတယ်”
“ဒါပေမယ့် ချဲလ်ဆီး ခြေစွမ်းကို ပထမအကျော့မှာကတည်းက သိခဲ့တာတောင်မှ ဒီနေ့မှာ ခက်ခဲတဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်၊ သူတို့က ကျနော်ကစားခဲ့ဖူးသမျှထဲမှာ အခက်ဆုံးအသင်းပါ။
ကိုဗာဆစ် ရှိနေလို့ သူတို့ကစားတာကို ကျနော် အများကြီးကြည့်ဖူးတယ်၊ အရမ်းကို ရင်ဆိုင်ရ ခက်ခဲတဲ့ အသင်းပါ၊ ရုပ်ပိုင်းဆိုင်ရာအရလည်း သန်မာလွန်းပါတယ်၊ ခက်ခဲမယ် ဆိုတာ သိထားတဲ့အတိုင်းဖြစ်ခဲ့တာပါ”
“ဒါပေမယ့် ကျနော်တို့ရဲ့ စရိုက်လက္ခဏာကို ထပ်ပြနိုင်ခဲ့ပြီးတော့ အံ့အားသင့်စရာ ညတညဖြစ်ခဲ့ရပါတယ်၊ ဒီရှုံးပွဲက အရမ်းချိုမြိန်တဲ့ ရှုံးပွဲပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။
ချဲလ်ဆီး အသင်းကတော့ ပြိုင်ပွဲကထွက်ခဲ့ရပေမယ့် ဘောလုံးပရိသတ်တွေရဲ့ ချီးကျူးမှုတွေကိုလည်း ရရှိခဲ့ပါတယ်။