ချန်ပီယံလိဂ် စံချိန်သစ်ရတဲ့ ပက်၊ ဆီမီးတက်ပြီ ထင်ခဲ့တဲ့ ဝါနာ၊ ဇာဗီ စကားသံနဲ့ ညနေခင်း သတင်းတိုများ
အက်သလက်တီကိုကို ဖြတ်ကျော်ပြီးနောက် မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဆီမီးဖိုင်နယ် ကို ၉ ကြိမ် အထိ တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ တီကိုနဲ့ပွဲမှာ ဒုတိယပိုင်းမှာ သူတို့အနေနဲ့ ဂိုးမပေးခဲ့ရတာ ကံကောင်းခဲ့ပြီး အက်သလက်ကပိုကောင်းတဲ့အသင်းဖြစ်ခဲ့ကြောင်း ဂွါဒီယိုလာက ဖွင့်ဟခဲ့ပါတယ်။
လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ဆီမီးဖိုင်နယ်မှာ ဗီလာရီးရဲနဲ့ ရင်ဆိုင်ရမဲ့အပေါ် “သူတို့က အသင်းကောင်း တွေ ကို ဖြုတ်ချလာတဲ့အသင်းပါ။ သူတို့က အသင်းကောင်းတစ်သင်းဖြစ်ပြီး ဒီပွဲစဉ်တွေက ခက်ခဲဦးမှာပါ။ ကျွန်တော်တို့အနေနဲ့ အရာအားလုံးပြင်ဆင်ထားဖို့လိုပြီး ဗိုလ်လုပွဲကိုတက်ရောက်နိုင်မယ်လို့ မျှော်လင့်ရပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီးတိုက်စစ်မှူး ဝါနာက ရီးရဲနဲ့ပွဲမှာ သူ့အနေနဲ့ ၃ ဂိုး မြောက်အနိုင်ဂိုးကိုသွင်းယူပြီးချိန်မှာ ချဲလ်ဆီးကို နောက်တစ်ဆင့် ပို့ဆောင် ပေးနိုင်တော့မယ်လို့ ယုံကြည်ခဲ့ကြောင်း၊ သူတို့အနေနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ပြီဆိုတဲ့ ပုံစံမျိုးနဲ့ အောင်ပွဲခံခဲ့ကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ်။

ချဲလ်ဆီး ကစားသမားဟောင်း ကန်ဒီကတော့ ချဲလ်ဆီးအနေနဲ့ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့အပေါ် ဂိုးသမားမန်ဒီကို ပြစ်တင်ခဲ့ပြီး မန်ဒီဟာ ရီးရဲကို လက်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မန်ဒီ ပေးလိုက်တဲ့ လက်ဆောင်ဂိုးက ပေးဆပ်မှု ကြီးမားစေခဲေ့ကြာင်း ဆိုခဲ့ပါတယ်။
ဘာစီလိုနာနည်းပြ ဇာဗီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ရီးရဲနဲ့ ဗီလာရီးရဲတို့ တက်နိုင်ခဲ့တာဟာ လာလီဂါအနေနဲ့ ပရီးမီးယားလိဂ်ရဲ့နောက်မှာ မရှိနေဘူးဆိုတာ ပြသရာကျကြောင်း၊ လာလီဂါဟာ ပြိုင်ဆိုင်မှုပြင်းထန်လွန်းတဲ့လိဂ်ဖြစ်ပြီး ဗီလာရီးရဲကလည်း အသင်းကြီးတစ်သင်းဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
နယ်သာလန်ကစားသမားဟောင်း ဗန်ဒါဘတ်ချ်က တန်ဟတ်ရောက်လာခဲ့ပါက လက်ရှိမန်ယူအသင်းက ကစားသမား တော်တော်များများဟာ ကန်ထုတ်ခံရမှာဖြစ်ကြောင်း၊ တန်ဟတ်ဟာ အင်္ဂလန်မှာ နာမည်ကြီးမဟုတ်ပေမဲ့ သူ့ရဲ့ အစီအစဉ်တွေက ရှင်းလင်း ပြတ်သားကြောင်း ဖွင့်ဟခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ် စပါအးနေနဲ့ သူတို့ရဲ့ကွင်းလယ်လူဟောင်း အဲရစ်ဆင်ကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စား နေကြောင်း 90min က ဖော်ပြထားပါတယ်။ အဲရစ်ဆင်ဟာ ၂၀၂၀ ခုနှစ်က စပါးကနေထွက်ခွာခဲ့သူဖြစ်ပြီး လက်ရှိမှာ ဘရန်ုဖို့်ဒ်မှာ ခြေစွမ်းကောင်းပြရနေပါတယ်။
အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆင်က အာဆင်နယ်အနေနဲ့၂ ပွဲဆက် ရှုံးပွဲကြုံခဲ့ရပေမဲ့ စပါးအထက်မှာ ရပ်တည်ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်မယ်လို့ ယုံကြည်ဆဲဖြစ်ကြောင်း၊ အာဆင်နယ်ဟာ ချဲလ်ဆီးနဲ့ကစားရဖို့ ကျန်သေးပေမဲ့ ချဲလ်ဆီးဟာ ချန်ပီယံလိဂ်ဝင်ခွင့် ခိုင်မာတဲ့အသင်းဖြစ်ကြောင်း၊ စပါးကကျတော့ ချန်ပီယံဆုအတွက် အမှားခံလို့မရတဲ့ လီဗာပူးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။