ကွန်တီကို မန်ယူက နည်းပြ မခန့်အောင် ရော်နယ်ဒို ကန့်ကွက်တားဆီးခဲ့တယ် သတင်းထွက်

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဆိုးလ်ရှားကို ရာထူးက ထုတ်ပယ်ပြီးနောက် ကွန်တီကို နည်းပြသစ် ခန့်အပ်ရေးကြိုးပမ်းခဲ့တဲ့ အသင်းရဲ့ အစီအစဉ်ကို ဆန့်ကျင်ခဲ့တယ်လို့ သိရှိရပါတယ်။

မန်ယူအသင်း ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာမှာ ဆိုးလ်ရှားရဲ့နေရာကို ကွန်တီနဲ့ အစားထိုးဖို့ အတော် သတင်းကြီးခဲ့သေးတာပါ။

ဒါပေမယ့် ရော်နယ်ဒိုကတော့ ရီးရဲလ်မက်ဒရစ်မှာ လက်တွဲခဲ့ဖူးတဲ့ ဇီဒန်းကိုသာအလိုရှိတာကြောင့် ကွန်တီကို ခန့်ချင်တဲ့ တာဝန်ရှိသူတွေရဲ့ အစီအစဉ်ကို ကန့်ကွက်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

ကွန်တီကလည်း မန်ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေတယ်လို့ သတင်းထွက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ စပါးကိုသာ ကိုင်တွယ်ဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဆိုးလ်ရှားကို ထုတ်ပယ်ပြီးနောက် ဂျာမန် ဆရာကြီး ဖြစ်တဲ့ ရန်းနစ်ဂ်ကို ခန့်အပ်ခဲ့ပါတယ်။ဒါပေမယ့် ရလဒ်ပိုင်းတွေ ဆိုးရွားလာခဲ့ပြီး နောက်ထပ်ဖလားလက်မဲ့ရာသီတခုကို ဖြတ်သန်းရတော့မှာလည်းဖြစ်ပါတယ်။

အခု လက်ရှိ ကွန်တီကိုင်တွယ်နေတဲ့ စပါးက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့် (၄) နေရာမှာ ရပ်တည်နေပြီး ယူနိုက်တက်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် တော်တော်လေး ရုန်းကန်ရတော့မယ့် အခြေအနေကို ရောက်ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်က လာမယ့်ရာသီအတွက် အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ခ်ကို ခေါ်ယူခန့်အပ်ဖို့ ကာယကံရှင်နဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီလို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။ ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ခ်ကို လုပ်ပိုင်ခွင့်အပြည့်ပေးသွားဖွယ်ရှိပြီး ကာလရှည်စာချုပ်ဖြစ်တဲ့ (၄) နှစ် စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရှိရပါတယ်။

လက်ရှိ ယာယီနည်းပြ ဖြစ်တဲ့ ရန်းနစ်ဂ်ဟာ ရာသီကုန်အထိသာ အသင်းကိုကိုင်တွယ်မှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ အသင်းရဲ့ အတိုင်ပင်ခံရာထူးအဖြစ် (၂) နှစ်ကြာ ဆက်လက် တာဝန်ယူသွားမှာဖြစ်ပါတယ်။