နူးကမ့်က ယူရိုပါလိဂ် ရှုံးပွဲမှာ ဘာစီလိုနာ တာဝန်ရှိသူတွေ စီမံမှု ညံ့ကြောင်း ပြစ်တင်ခဲ့တဲ့ နည်းပြ ဇာဗီ
ဘာစီလိုနာ ဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ အဖြစ် ဖရန့်ဖတ်အသင်းကို မနေ့ညက အိမ်ကွင်း မှာ ဧည့်ခံ ခဲ့ပြီး ၃-၂ နဲ့ ရှုံးနိမ့် ခဲ့ပါတယ်။
ဧည့်သည် အသင်း ဖရန့်ဖတ် ရဲ့ ပရိသတ် ၃ သောင်းလောက်ဟာ မနေ့ညက နူးကမ့် ကွင်းထဲမှာ ရှိနေခဲ့ပြီး အိမ်ရှင်အသင်း ပရိသတ်တွေထက် တက်ကြွစွာ အားပေးလွှမ်းမိုးထားခဲ့ပါတယ်။။
နည်းပြ ဇာဗီ ကတော့ နူးကမ့် ကွင်းထဲကို ဂျာမန် ပရိသတ် များစွာ ရောက်ရှိ နေမှုဟာ အိမ်ကွင်း အားသာချက် ကို ပျက်စီး စေခဲ့ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ အသင်းတာဝန်ရှိသူတွေ ကို ပြောဆို သွားခဲ့ပါတယ်။

“အိမ်ကွင်းမှာ ကစားရတယ်ဆိုတဲ့ ခံစားချက်ကို ကျွန်တော်တို့ လုံး၀ မရခဲ့ပါဘူး။ ဘာကြောင့် ဒီလို ဖြစ်ရတယ် ဆိုတာ ကလပ်က အဖြေရှာ နေပါတယ်။ ကစားသမားတွေ ကလည်း ဘာကြောင့် ဒီလို ဖြစ်ရတယ် ဆိုတာကို သိချင် နေကြပါတယ်”
“ဒါဟာ ကျွန်တော်တို့ ဘက်က အတွက် အချက် မှားခဲ့တယ် ဆိုတာ သေချာပါတယ်၊ ဒီလိုမျိုး အဖြစ်ခံလို့ မရပါဘူး။ အခုပွဲက အိမ်ကွင်းမှာ ကစားရတဲ့ ပွဲထက် ကြားကွင်းမှာ ပရိသတ် ပမာဏတူနဲ့ ကစားရတဲ့ ဗိုလ်လုပွဲ တပွဲလို ဖြစ်သွားခဲ့ ပါတယ်” လို့ ဇာဗီ က ပြောဆိုခဲ့ပါတယ်။
ဘာစီလိုနာ ဟာ ဒုတိယ အကျော့မှာ ကွင်းအပြည့် ပရိသတ်တွေ ရှိနေစေလိုကြောင်း ပရိသတ်တွေကို မေတ္တာ ရပ်ခံ ထားခဲ့ပြီး လာမကြည့် ဖြစ်တဲ့ လက်မှတ် ဝယ်ယူ ထားသူတွေကို အခြားသူတွေထံ လက်မှတ်တွေ လွှဲပြောင်းပေးဖို့ တောင်းဆို ခဲ့ပါတယ်။
ဒါပေမယ့် ပွဲမစမီ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ဖို့ ဘာစီလိုနာ ကစားသမားတွေ ဝင်လာချိန် မှာ နူးကမ့် ကွင်းအနှံ့အပြားမှာ ရှိနေတဲ့ ဖရန့်ဖတ် ပရိသတ်တွေ ဆီက အော်ဟစ် လှောင်ပြောင်သံတွေကို ရင်ဆိုင် ခဲ့ရပါတယ်။