ဒီညမှာတော့ အနိုင် အရှုံး ပြတ်သားတဲ့ အဖြေ ရအောင် ထုတ်ရမယ့် မန်စီးတီးနဲ့ လီဗာပူး
ဒီနေ့ စနေနေ့ ည ၉နာရီ အချိန်မှာတော့ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်း နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့က ဝင်ဘလေကွင်းထဲမှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင် ကစားကြတော့မှာပဲ ဖြစ်ပါတယ်။
ဂွာဒီယိုလာ ဦးဆောင်တဲ့ မန်ချက်စတာ စီးတီးနဲ့ ကလော့ပ် ဦးဆောင်တဲ့ လီဗာပူးတို့ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်း နှစ်သင်း ဖြစ်သလို နှစ်သင်းစလုံးက အက်ဖ်အေဖလား၊ ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ် ဖလားတို့ကို သိမ်းပိုက်ကာ ဆုဖလား ၃လုံး မျှော်လင့်ချက်ကို အကောင်အထည် ဖော်နိုင်မယ့် အခွင့်အရေးတွေကို ပိုင်ဆိုင် ထားကြပါတယ်။
မန်စီးတီးနဲ့ လီဗာပူးတို့ဟာ လက်ရှိအချိန်မှာ ခြေစွမ်း များစွာ ကွာခြားလှခြင်း မရှိတဲ့ အသင်းနှစ်သင်း ဖြစ်ပြီး ဒီနှစ်သင်း ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ နောက်ဆုံးပွဲစဉ်မှာလည်း သရေချည်း ကျခဲ့တာပါ။ ဒီနေ့ည ကစားရမယ့် ပွဲစဉ်မှာ တော့ ဗိုလ်လုပွဲ ဘယ်အသင်းတက်မလဲ ဆိုတာ အနိုင် အရှုံး ပြတ်သားတဲ့ ရလဒ် ထွက်သည်ထိ ကစားရမှာပါ။

အာဆင်နယ်ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ အောင်မြင်တဲ့ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပေါလ်မာဆန်ကတော့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ် အတွက် အခုလို ခန့်မှန်း သုံးသပ်သွားခဲ့ပါတယ်။
ပေါလ်မာဆန်က – “ကျွန်တော်က ပြီးခဲ့တဲ့ တပတ်မှာ ကစားခဲ့တဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးပွဲမှာ တဖက် ၂ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်လိမ့်မယ်လို့ မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတကြိမ်မှာတော့ လီဗာပူးက ပိုမို သာလွန်လိမ့်မယ်လို့ ထင်ပါတယ်။
စီးတီးက အက်သလက်တီကို မက်ဒရစ်နဲ့ အတော်လေးကို ခက်ခဲကြမ်းတမ်းတဲ့ ပွဲတပွဲကို ယှဉ်ပြိုင် ကစားခဲ့ရပါတယ်။ အဲ့ဒီပွဲက အတော်လေးကို ကြံ့ခိုင်မှု အားပြု ကစားခဲ့ရတဲ့ ပွဲတပွဲလည်း ဖြစ်ပါတယ်။
လီဗာပူးကတော့ ဘင်ဖီကာနဲ့ပွဲမှာ မာနေး ၊ ဆာလာနဲ့ ဖာဘင်ဟိုတို့ကို အနားပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူတို့တွေက ဒီပွဲမှာ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ အဆင်သင့် ဖြစ်နေပါလိမ့်မယ်” လို့ ခန့်မှန်းသွားခဲ့တာပဲ ဖြစ်ပါတယ်။
ပေါမာဆန် ခန့်မှန်းခဲ့တဲ့ ပွဲရလဒ်ကတော့ မန်ချက်စတာ စီးတီး ၁-၂ လီဗာပူး ဖြစ်ပါတယ်။