အကောင်းဆုံး အချိန်မှာမှ ဒဏ်ရာကြောင့် ကာလရှည် အနားယူရတော့မယ့် ဟာလန်း
ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဒေါ့မွန်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟာလန်းဟာ ဒဏ်ရာကြောင့် ၂၀၂၂ ခုနှစ် မတိုင်ခင်ထိ ဘောလုံး ပြန်ကစားနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဒဏ်ရာကြောင့် ဒေါ့မွန်ရဲ့ နောက်ဆုံး ကစားခဲ့တဲ့ပွဲကို ပါဝင် ကစားနိုင်ခြင်း မရှိခဲ့တဲ့ ဟာလန်းရဲ့ ဒဏ်ရာသတင်းကို သိရှိလာခဲ့ရပြီဖြစ်တယ်။ ဟာလန်းဟာ တင်ပါးဆုံမှာ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး ပြန်လည် ကောင်းမွန်အောင် အချိန် အတော်ကြာကြာ အနားယူဖို့ လိုအပ်တော့မှာ ဖြစ်ပါတယ်။
အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ နော်ဝေ တိုက်စစ်မှူး ဟာလန်းဟာ ဒေါ့မွန်အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၃ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်သူပါ။

ဂျာမန် အခြေစိုက် သတင်းစာ Bild ရဲ့ ဖော်ပြချက် အရ ဟာလန်း ကို ၂၀၂၁ ရဲ့ လက်ကျန် နေ့ရက်တွေမှာ ဒေါ့မွန် ဂျာစီ နဲ့ ပြန်မြင်ရဖို့ မရှိ နိုင်တော့ဘူးလို့ ဖော်ပြ ခဲ့ ပါတယ်။ “အိုင်ယက်စ် နဲ့ ကစားခဲ့တဲ့ ပွဲဟာ ၂၀၂၁ အတွက် သူ့ရဲ့ နောက်ဆုံးပွဲ ဖြစ်သွားဖို့ ရှိနေပါပြီ” လို့ Bild သတင်းစာ က နော်ေ၀ ရုပ်သံ ဌာန ကို ပြောပြ သွားခဲ့ ပါတယ် ။
ဟာလန်းဟာ ဒဏ်ရာကို ကုသဖို့ အတွက် ၆ပတ်ကြာ အနားယူရဖို့ ရှိနေသလို ဒဏ်ရာကနေ ပြန်လည် သက်သာလာပါကလည်း အပေါ့စား လေ့ကျင့်ခန်းတွေ ပြန်လည် ပြုလုပ်ရဖို့ ရှိတာကြောင့် ၂၀၂၂ခုနှစ် ရောက်မှသာ ဒေါ့မွန်အသင်း အတွက် ပြန်ကစားပေးနိုင်မယ်လို့ သိရပါတယ်။
ဒေါ့မွန်အသင်းကလည်း အဆိုပါ သတင်းတွေ အပေါ် အတည်ပြုပေးထားပြီး သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟာလန်းဟာ တင်ပါးကြွက်သား စုတ်ပြဲဒဏ်ရာကို ရရှိထားကြောင်းနဲ့ ဒဏ်ရာကို ခွဲစိတ်မှု ပြုလုပ်ရဖွယ် ရှိကြောင်း ယမန်နေ့မှာပဲ တရားဝင် ထုတ်ပြန် ကြေညာထားပါတယ်။
လက်ရှိ ဒေါ့မွန်အသင်းမှာ ဟာလန်းအပြင် အခြား တိုက်စစ်မှူး တဦး ဖြစ်တဲ့ မာလန် ၊ လူငယ် တောင်ပံ ကစားသမား ရေနာ ၊ လူငယ် တိုက်စစ်မှူး မူခိုခို စတဲ့ ကစားသမားတွေ အားလုံး ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရတာကြောင့် လာမယ့် ပွဲစဉ်တွေမှာ ဒေါ့မွန်အသင်းဟာ တိုက်စစ်ပိုင်း အားနည်းချက်တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။