အက်ဖ်အေ ဗိုလ်လုပွဲမှာ လီဗာပူးကို ကာရာဘောင်း ရှုံးကြွေး ပြန်ဆပ်မယ် လို့ လော့ဖ်တပ်ချိစ် ကြွေးကြော်
တနင်္ဂနွေနေ့ က ဝင်ဘာလေမှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ဒုတိယပွဲမှာ ချယ်ဆီးအသင်းဟာ ပဲလေစ့်ကို ၂-၀ နဲ့ အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ကာ လီဗာပူးအသင်းနဲ့ ဗိုလ်လုရတော့မှာ ဖြစ်ပါတယ်။
ပထမပိုင်းမှာတင် ချယ်ဆီးဘက်က ကိုဗာဆစ် ဒဏ်ရာရသွားလို့ လော့တပ်ချိစ် လူစားဝင်ကစားခဲ့တယ်။ သူကပဲ ချယ်ဆီးအသင်းအတွက် ဦးဆောင်ဂိုးကို ဒုတိယပိုင်းမှာ သွင်းယူပေးနိုင်ခဲ့တယ်။

ချယ်ဆီးအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့တဲ့ လော့တပ်ချိစ်က ဗိုလ်လုပွဲမှာ တွေ့တဲ့ လီဗာပူးအသင်းကို ကာရာဘောင်း ဖလား က ရှုံးကြွေး ပြန်ဆပ်မယ်လို့ ပွဲအပြီးမှာ ကြွေးကြော်ခဲ့ပါတယ်။
” ချယ်ဆီး အသင်းမှာ အခုထိ ကျနော် ဆက်ရှိနေသေးတာဟာ ဒဏ်ရာ ပြဿနာ အားလုံးကနေ ကျော်ဖြတ်လာနိုင်တဲ့ စိတ်ဓါတ်ပိုင်းကြောင့် ဖြစ်ပါတယ်။ ကိုယ်ဘာသာ ယုံကြည်ဆဲဖြစ်သလို ကျနော်ရဲ့ အချိန်က ရောက်လာမယ်ဆိုတာ နှစ်များစွာကတည်းက ပြောပြခဲ့တာပါ။
ကျနော့် အတွေးက ရိုးရိုးလေးပါပဲ။ လီဗာပူးကို လက်တုန့်ပြန်ချင်ပါတယ်။ သူတို့နဲ့ သိပ်ကောင်းတဲ့ လိဂ်ဖလား ဗိုလ်လုပွဲ တစ်ပွဲကို ကစားခဲ့ရသေးပြီး အဲ့ပွဲမှာ နိုင်တောင် နိုင်ခဲ့သင့်တာပါ ” လို့ လော့တပ်ချိစ်က ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးနဲ့ လီဗာပူးတို့ဟာ ကာရာဘောင်းဖလား ဗိုလ်လုပွဲ မှာ ထိပ်တိုက်တွေ့ခဲ့သေးပြီး ထိုပွဲမှာ လီဗာပူးက ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရသွားခဲ့တာပါ။ ဒီတကြိမ် အက်ဖ်အေဖလားမှာ ရှုံးကြွေး ပြန်ဆပ်နိုင်မလား ဆက်လက် ရင်ခုန်ရမှာ ဖြစ်ပါတယ်။
အက်ဖ်အေဖလား ဗိုလ်လုပွဲကတော့ မေလ ၁၅ ရက်နေ့ ဝင်ဘာလေကွင်းကြီးမှာ ကျင်းပမှာဖြစ်ပါတယ်။