ဒီညပွဲ မပါနိုင်တဲ့ ဒိုလေး၊ ကာဗာနီ ကို ချိန်တဲ့ ရီးရဲလ်၊ ပြိုင်ဘက် မလိုတဲ့ မာနေး နဲ့ ယနေ့ညပိုင်း ဘောလုံး သတင်းများ

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို ဟာ သူ့ဇနီးက အမြွာလေး မွေးဖွားခဲ့ပေမယ့် ထိုထဲက သားဖြစ်သူ ကွယ်လွန်သွားခဲ့ရကြောင်း သတင်းထုတ်ပြန် ခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုဟာ ဒီနေ့ ညကစားမယ့် လီဗာပူး နဲ့ ပွဲကို ပါဝင် ကစားမှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။

ချဲလ်ဆီးနောက်ခံလူ အလွန်ဆိုက သူတို့အသင်းအနေနဲ့ လာမဲ့ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်မှာ ဖြစ်တယ် လို့ ပြောဆို လိုက်ပါတယ်။ သူတို့အနေနဲ့ ဘယ်အသင်းကိုမဆို စိန်ခေါ်နိုင်စွမ်းရှိပြီး တစ်ရာသီလုံးမှာ အနည်းဆုံးခြေစွမ်းတည်ငြိမ်မှု ရှိဖို့သာ လိုအပ်နေကြောင်း၊ ဒါကို လာမဲ့ရာသီမှာ အနီးစပ်ဆုံးဖြစ်အောင် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

လီဗာပူးနည်းပြ ကလော့က သူ့အနေနဲ့ ၆ နှစ်လောက် လက်တွဲခဲ့လို့ မာနေးရဲ့အကြောင်းကို ကောင်းကောင်းသိကြောင်း၊ မာနေးဟာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ရရှိဖို့အတွက် ဘယ်သူ့နဲ့မှ နေရာလုတိုက်ပွဲတွေ ယှဉ်ပြိုင်စရာ မလိုကြောင်း၊ မာနေးဟာ ကြံ့ခိုင်မှုသာ ပြည့်ဝနေရင် ကစားပုံကောင်းပြီးသား ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

မန်ယူနောက်ခံလူ မက်ဂွဲရားက အန်ဖီးလ်မှာ သွားကစားပြီး အနိုင် ၃ မှတ်ရခဲ့ပါက ပရိသတ်တွေကို ခမ်းနားတဲ့ အခိုက်အတန့် ပေးစွမ်းနိုင်မှာဖြစ်ကြောင်း၊ ဒါက ဒီပွဲစဉ်အတွက် အကြီးမားဆုံးစိတ်ဓာတ်လှုံဆော်မှုဖြစ်ကြောင်း၊ လီဗာပူးဟာ လက်ရှိအချိန်မှာ အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ကို ပြသနေကြောင်း ဆိုခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ရီးရဲမက်ဒရစ် ကွင်းလယ်လူ လူကာမိုဒရစ်ကို ခေါ်ယူနိုင်ဖွယ် ရှိနေကြောင်းသိရပါတယ်။ မိုဒရစ်ရဲ့ စာချုပ်ဟာ ရာသီကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ရီးရဲက စာချုပ်သစ် ကမ်းလှမ်းထားခြင်း မရှိသေးပါဘူး။ လက်ရှိမှာ မိုဒရစ်ကို ကာတာကလပ် တစ်သင်းနဲ့ ဂျူဗင်တပ်တို့က ကမ်းလှမ်းထားတယ်လို့ သိရပြီး မိုဒရစ်ကတော့ ရီးရဲနဲ့ သက်တမ်း တိုးကာ ကစားသမားဘ၀ ကုန်ဆုံးတဲ့အချိန်အထိ ကစားလိုတာဖြစ်ကြောင်း သိရပါတယ်။

ရီးရဲမက်ဒရစ် အသင်းဟာ ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူး ဟာလန်းကို မခေါ်ယူနိုင်ပါက အစားထိုး ပစ်မှတ် အဖြစ် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး ကာဗာနီဘက်ကို မြားဦးလှည့်သွားဖို့ ရှိနေပါတယ်။ ရီးရဲအနေနဲ့ ဘန်ဇီမာ တစ်ဦးတည်း ထမ်းဆောင်နေရတဲ့ သွင်းဂိုး ဝန်ထုပ်ဝန်ထိုးကို လျှော့ချအောင် ကာဗာနီကို ရေတိုခေါ်ယူလိုနေတာပါ။

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ဒါရင်းဘန့်ကတော့ ဘာအစီအစဉ်မှာမရှိဘဲနဲ့ အူဘာမီယန်ကို ရောင်းထုတ်ခဲ့တဲ့ အာဆင်နယ်ရဲ့လုပ်ရပ်အပေါ် ဝေဖန်ခဲ့ပါတယ်။

“ဆောက်သမ်တန်ဂိုးသမားကကောင်းလွန်းပြီး ကျွန်တော်တို့ ဂိုးသွင်း ခဲ့သင့်တယ် ဆိုတဲ့ စကားမျိုး ကျွန်တော် မကြားချင်ပါဘူး။ အာဆင်နယ် ဘာအစီအစဉ်မှ မရှိဘဲ အူဘာကို ရောင်းထုတ်ခဲ့တယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ အူဘာမီယန်ဆိုရင် ဂိုးသွင်းနိုင်မှာပါ”လို့ဒါရင်းဘန့်က ဖွင့်ဟခဲ့ပါတယ်။