အာဆင်နယ် – မန်ယူတို့ ပွဲ အပါအဝင် ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ အတွက် ဆရာကြီး လော်ရိုးရဲ့ ခန့်မှန်းချက်များ
ဒီအပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲတွေ အတွက် ဘီဘီစီမှ ဆရာကြီး လော်ရိုး သုံးသပ်ခန့်မှန်းချက်တွေက အခုလို ဖော်ပြထားပါတယ်။
အာဆင်နယ် vs မန်ယူနိုက်တက်
၃ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်ဟာ ချဲလ်ဆီးနဲ့ပွဲစဉ်မှာတော့ တကယ့်ကို ကောင်းမွန်တဲ့ အသင်းလိုမျိုးပါပဲ။ တကယ့်ကို ကောင်းမွန်တဲ့ ခြေစွမ်းဖြစ်ကာ ဂန်းနားတို့ဟာ အဲဒီပွဲမှာ အများကြီး လျှင်မြန်ပြီး အင်ပြည့်အားပြည့် ဖြစ်နေခဲ့ပါတယ်။ ချဲလ်ဆီးကတော့ လေးလံနေခဲ့ပါတယ်။ ယူနိုက်တက်ကတော့ အန်ဖီးမှာ ပုံစံကောင်း မပြနိုင်ခဲ့ဘဲ ထိုက်တန်တဲ့ ရလဒ်ကို ရခဲ့ပါတယ်။
ပရိတ်သတ်တွေဟာ ဒီလို ဆိုးရွားတဲ့ ကစားပုံ ပြီးနောက် အသင်းရဲ့ တုန့်ပြန်မှုကို မျှော်လင့်နေမှာ ဖြစ်ပေမယ့် ဒီအသင်းဟာ ဒီလို လုပ်နိုင်မယ်လို့ မထင်မိပါဘူး။ ဖရက် မက်တိုမီနေး ပေါ့ဘာ တို့ ဒဏ်ရာတွေ ရနေတာကြောင့် ယူနိုက်တက်ဟာ ကွင်းလယ်မှာ အာဆင်နယ်ရဲ့ လွှမ်းမိုးမှုကို ခံရမှာပါ။
လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ဖရက် မက်တိုမီနေး တို့ကို ယူနိုက်တက်တို့ အထူး လိုအပ်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်နဲ့ ပက်သက်ပြီး မပုံအောရဲတဲ့ အကြောင်းတစ်ခုကတော့ သူတို့ဟာ ရရှိနေတဲ့ အခြေအနေကောင်းကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်မှု မရှိတာပဲ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဒီအချိန်မှာ ကပေါက်တိကပေါက်ချာ ဖြစ်နေပြီး ရန်းနစ်ရဲ့ ပွဲထွက် က ဘာဖြစ်လာမလဲဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး။ ဒီအခြေအနေမှာ ယူနိုက်တက် အတွက် သရေတစ်မှတ်ဟာ ရလဒ်ကောင်းပါတယ်။
ခန့်မှန်းချက် : ၁-၁

မန်စီးတီး vs ဝက်ဖို့ဒ်
စီးတီးဟာ လွန်ခဲ့တဲ့ ၂၀၁၉ က ဝက်ဖို့ဒ်တို့ အီတီဟတ်ကို နောက်ဆုံး လာကစားခဲ့တုန်းက ၈-၀ နဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဒီလောက် ဂိုးမပြတ်နိုင်ပေမယ့် စီးတီးတို့ သက်တောင့်သက်သာနဲ့ပဲ နိုင်သွားမှာပါ။ ဝက်ဖို့ဒ် နည်းပြ ရွိုင်းဟော့ဆန်ရဲ့ strength ဟာ ခံစစ်ပိုင်းစုဖွဲ့မှု ဖြစ်ပြီး သူဟာ စီးတီးတို့ ကစားရခက်ခဲအောင် ကြိုးစားသွားမှာပါ။
ပြသနာကတော့ စီးတီးဟာ တအားကို ကောင်းလွန်းနေတာပဲ ဖြစ်ပါတယ်။ သူတို့ ဦးဆောင်ဂိုး ရသွားပြီဆိုတာနဲ့ တံခါးက ပွင့်သွားမှာပါ
ခန့်မှန်းချက် : ၄-ဝ
ဘရန့်ဖို့ဒ် vs တော့တင်ဟမ် စပါး

ဘရန့်ဖို့ဒ်ဟာ နောက်ဆုံး ၃ ပွဲဆက် နိုင်ထားခဲ့ပြီး တော့တင်ဟမ်ကတော့ အရှိန်ကောင်းရနေကာမှ နောက်ဆုံးပွဲ ဖြစ်တဲ့ ဘရိုက်တန်နဲ့ ပွဲမှာ ခြေချော်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ် ကွင်းလယ်လူ အဲရစ်ဆင်ဟာ အသင်းဟောင်းနဲ့ ပြန်လည် ရင်ဆိုင်ရမှာ ဖြစ်ပြီး ကျွန်တော်ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ ဒီပွဲမှာ ရမှတ်တွေ စုဆောင်းသွားလိမ့်မယ်လို့ ထင်ပါတယ်။
တော့တင်ဟမ်ရဲ့ top 4 ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ အာဆင်နယ် နဲ့ မန်ယူနိုက်တက်တို့ ဒီအပတ်မှာ ထိပ်တိုက်တွေ့ဆုံနေတာကြောင့် ဒါဟာ စပါး အတွက် ကြီးမားတဲ့ အခွင့်အရေးပါ။ ဒီ race က အသင်းတွေဟာ တည်ငြိမ်မှု မရှိဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဘရိုက်တန်ကို ရှုံးခဲ့ပြီးနောက် စပါးတို့ နောက်ထပ် ခြေချော်လိမ့်မယ်လို့တော့ ကျွန်တော် မမြင်မိပါဘူး။
ခန့်မှန်းချက် : ၁-၂
ချဲလ်ဆီး vs ဝက်ဟမ်း
ချဲလ်ဆီးဟာ အာဆင်နယ်နဲ့ပွဲစဉ်မှာ နောက်တန်းက အတော်လေးကို အားနည်းခဲ့ပြီး ဒါကို မြင်ရတာဟာ ထူးဆန်း လှပါတယ်။

ပွဲအပြီးမှာ တူချယ်က ကွင်းရဲ့ မြက်ခင်းပြင်ကို အပြစ်တင်သွားခဲ့ပေမယ့် ကျွန်တော်ကတော့ သဘောမတူပါဘူး။ ၁၉၇၀ ခုနှစ်တွေက ဒါဟာ အကြောင်းပြချက် ဖြစ်ခဲ့ပေမယ့် အခုတော့ မဟုတ်ပါဘူး။ ဝက်ဟမ်းဟာ လာမည့် ကြာသာပတေးနေ့မှာ ဖရန့်ဖတ်နဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ရှိနေပါတယ်။
ဒါပေမယ့် သူတို့ဟာ ယခုပွဲမတိုင်မီ တစ်ပတ်လောက် ကောင်းကောင်း အနားရထားခဲ့ပါတယ်။ မိုရက်ရဲ့ အသင်းဟာ အနည်းငယ် ပွဲပန်းနေဟန် ရှိနေပြီး ဒီလို အနားရမှုဟာ သူတို့အတွက် ကောင်းပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အိမ်ကွင်းမှာ ချဲလ်ဆီးကို အနိုင်ယူထားခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာလည်း သူတို့ ချဲလ်ဆီးထံကနေ နောက်ထပ် ရမှတ် ရယူသွားမယ်လို့ ကျွန်တော်ထင်ပါတယ်။
ခန့်မှန်းချက် : ၁-၁
လီဗာပူး vs အဲဗာတန်
ဒါဟာ မာဆေးဆိုက်ဒါဘီ ဖြစ်တာကြောင့် စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ဒီပွဲဟာ ထုံးစံအတိုင်းပဲ အပြန်အလှန် ထိုးဖောက်မှုတွေ ၊ ပြင်းထန်တဲ့ ဖျက်ထုတ်မှုတွေနဲ့ စတင်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ အဲဗာတန်တို့ ကြိုးစားသည် ဖြစ်စေ အန်ဖီးမှာ တစ်စုံတစ်ရာ ရယူနိုင်ဖို့ အတွက် ဆိုရင် အရည်အသွေးပိုင်းကတော့ လိုအပ်မှာ ဖြစ်ပါတယ်။

အဲဗာတန်ဟာ ပြီးခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာ တိုးတက်မှု တစ်ချို့ကို ပြသခဲ့ပေမယ့်လည်း ခံစစ် ကစားပုံကတော့ လီဗာပူးရဲ့ တိုက်စစ်ကို ထိန်းချုပ်နိုင်မယ့် အဆင့်မှာ ရှိမနေသေးပါဘူး။ ဒီနှစ်သင်းကြား လက်ရှိ ရမှတ် ကွာဟမှုဟာ ၄၇ မှတ်ထိ ရှိနေပြီး ဒါဟာ ဒီနှစ်သင်းကြား ဘယ်လောက် ကွာဟနေသလဲ ဆိုတာ ကွက်ကွက်ကွင်းကွင်း ပြသတာပဲ ဖြစ်ပါတယ်။
ခန့်မှန်းချက် : ၂-ဝ