ချန်ပီယံရှစ် အဆင့်လို့ ပြောခံရတဲ့ မန်ယူ၊ တိုက်စစ်သမားတွေ မကျေနပ်တဲ့ တူချယ်နဲ့ ယနေ့ နံနက်ခင်း သတင်းများ

မနေ့ညက ရင်ဆိုင်ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကတော့ တစ်ဖက် တစ်ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး နှစ်သင်းစလုံးဟာ ၁ မှတ်စီ ခွဲယူသွားခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်က မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ တိုက်စစ် ကစားသမားတွေဖြစ်ကြတဲ့ ဝါနာနဲ့ ကိုင်ဟာဗက်ဇ်တို့ရဲ့ စွမ်းရည်ကို မပျော်မရွှင်ဖြစ်လျက်ရှိနေပါတယ်။

မန်ယူအသင်း တိုက်စစ်မှုး ရော်နယ်ဒိုကတော့ မန်ယူအသင်းဟာ လာမယ့်နည်းပြသစ် တန်ဟဂ်လက်အောက်မှာ အောင်မြင်လာမယ်လို့ ထောက်ခံစကား ဆိုလိုက်ပါတယ်။

ဝက်စ်ဟမ်းအသင်းနဲ့ ဖရန့်ဖတ်အသင်းတို့ရဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာတော့ ဖရန့်ဖတ်အသင်းက ၂ – ၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဝက်စ်ဟမ်းကတော့ ဒီရှုံးပွဲကြောင့် လာမယ့် အဝေးကွင်းပွဲစဉ်မှာ ရုန်းကန်ရတော့မှာပဲဖြစ်ပါတယ်။

သရဲနီဟောင်း ရွိုင်ကိန်းက ချဲလ်ဆီးနဲ့ပွဲစဉ်က မန်ယူအသင်းရဲ့စွမ်းဆောင်ရည်ဟာ ချန်ပီယံရှစ်အဆင့်သာ ရှိတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

PSG နည်းပြ ပိုချက်တီနိုကတော့ သူနဲ့ အမ်ဘတ်ပီဟာ PSG အသင်းမှာ ဆက်နေမှာဖြစ်တယ်လို့ ဆိုလိုက်ပါတယ် ။
လီဗာပူးနည်းပြ ဂျာဂင်ကလောပ့်ဟာ လီဗာပူးအသင်းနဲ့ 2026 နှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုသွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

အာဆင်နယ်ပရိသတ်တွေအနေနဲ့ လီဗာပူးနဲ့ ယာဂင်ကလောပ့်ကို အတုယူပြီး လက်ရှိနည်းပြ အာတီတာအပေါ် စိတ်ရှည်ရှည် ထားသင့်တယ်လို့ ပီတာခရော့က အကြံပြုသွားခဲ့ပါတယ်။

ဘာစီနည်းပြဟောင်း ရော်နယ်ကိုးမန်းကတော့ လက်ရှိ ဘာစီနည်းပြ ဇာဗီအပေါ် ထောက်ခံအားပေးမှုတွေ ပြုလုပ်ခဲ့ပြီး အသင်းဟာ လမ်းကြောင်းမှန်ဆီ ရောက်လိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

အဲဗာတန်အသင်းရဲ့တိုက်စစ်မှူး ကဲလ်ဗတ်လီဝင်ဟာ အခွင့်အရေးရခဲ့ရင် အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ စိတ်ကူးနေတယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒီဂီယာအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ကာကွယ်မှု ၁၂၁ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီဂီယာဟာ ၂၀၁၈-၁၉ ရာသီက သူကိုယ်တိုင် တင်ရှိထားခဲ့တဲ့ ပရီးမီးယားလိဂ် တစ်ရာသီအတွင်း ဂိုးပေါက်ကာကွယ်မှု အများဆုံးစံချိန်ဖြစ်တဲ့ ၁၂၂ ကြိမ်ကို လိုက်မှီဖို့ ၁ ကြိမ်သာလိုအပ်တော့တာပါ။