သရဲနီဟောင်း တစ်ဦးအဖြစ် တန်ဟက်ကို ပေးတဲ့ ဗန်ဒါးဆားရဲ့ နှုတ်ဆက်စကား လက်ဆောင်
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးသမားဟောင်း ဖြစ်သူ အက်ဒ်ဝင် ဗန်ဒါဆား က အသင်းဟောင်းဆီ ပြောင်းရွှေ့ဖို့ အချိန် နီးကပ်လာပြီ ဖြစ်တဲ့ နည်းပြ အဲရစ် တန်ဟတ်ကို ကောင်းမွန်တဲ့ ကံကြမ္မာတွေ ပိုင်ဆိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးခဲ့လိုက်ပါတယ် ။
အေဂျက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ဟီးရန်းဗင်း အသင်းကို 5 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ ခဲ့တဲ့နောက် ဒီရာသီ အမှတ်ပေး ဖလားကို သိမ်းပိုက် သွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါဟာ တန်ဟတ် အတွက်တော့ 3 ရာသီဆက် ဖလား ဆွတ်ခူးခြင်းပါပဲ ။
ဒါဟာ အေဂျက်ဇ် အတွက်တော့ အိမ်ကွင်းပရိသတ်တွေရဲ့ ရှေ့မှောက် အနိုင်ယူပြီး အောင်ပွဲခံခဲ့ရတဲ့ပွဲ ဖြစ်သွားခဲ့ရသလို မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့တော့မယ့် နည်းပြ တန်ဟတ်ကို နှုတ်ဆက်သလိုမျိုးလည်း ဖြစ်သွားခဲ့ရပါတယ် ။

တန်ဟတ်ဟာ အေဂျက်ဇ် အသင်းကို သုံးရာသီဆက်တိုက် အမှတ်ပေး ဖလား ဆွတ်ခူးပေးနိုင်ခဲ့သလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ဆီမီး ဖိုင်နယ် အဆင့် အထိ တက်ရောက်နိုင်အောင် ကူညီပေးသူ ဖြစ်ခဲ့တဲ့ အတွက် အသင်း နဲ့ ပရိသတ်တွေအတွက် အရေးပါသူ ဖြစ်ခဲ့ရပါတယ် ။
အခုတော့ အေဂျက်ဇ် အသင်းရဲ့ အမှုဆောင်ချုပ် တစ်ဦး ဖြစ်တဲ့ အက်ဒ်ဝင် ဗန်ဒါဆား က သူချစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ မကြာခင် ပြောင်းရွှေ့တော့မယ့် နည်းပြ တန်ဟတ်ကို ဆုမွန်ကောင်း တောင်းပေးခဲ့လိုက်ပါတယ် ။
” အဲရစ်ရေ ၊ တခါတလေတော့ ခင်ဗျားဟာ တကယ့်ကို ဆန်းကျယ်တဲ့ နည်းပြ တစ်ဦးပဲလို့ ကျွန်တော် တွေးဖြစ်ပါတယ် ။ တကယ်တမ်းကျတော့ ခင်ဗျားက ကျွန်တော်တို့တွေ မျှော်လင့်ထားခဲ့ကြတာထက် အများကြီး ပိုလုပ်ပေးသွားနိုင်ခဲ့ပါတယ် ”
” ခင်ဗျားက စွဲမက်ဖွယ်ကောင်းတဲ့ ကစားဟန်တွေ ခင်းကျင်းပေးခဲ့သလို ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပြီး လိဂ်ဖလားတွေလည်း ဆွတ်ခူးပေးသွားနိုင်ခဲ့ပါတယ် ”
” အခုတော့ ခင်ဗျားက ကျွန်တော့် နှလုံးသားရဲ့ အနီးဆုံး တစ်နေရာမှာ ရှိနေတဲ့ အသင်းဆီကို ပြောင်းရွှေ့ရပါတော့မယ် ။ ခင်ဗျား အကောင်းဆုံး ဖြစ်နိုင်ပါစေလို့ ကျွန်တော် ဆန္ဒပြုပေးလိုက်ပါတယ် ။ ကျေးဇူးပါ အဲရစ် ဟန်ဟတ်ရေ ” လို့ ဗန်ဒါဆား က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။