မန်ချက်စတာသို့ စောစောရောက်လာတဲ့ တန်ဟက် ဖွင့်ဟလာတဲ့ သူ့ရဲ့ ပလန်နဲ့ ဒိုလေးအပေါ် အမြင်

အေဂျက်စ်နဲ့ ဘောလုံးရာသီ ပြီးဆုံးခဲ့ပြီ ဖြစ်တဲ့ နည်းပြ တန်ဟက်ဟာ နားရက်ကို မယူတော့ဘဲ ဒီနေ့ တနင်္လာနေ့မှာ မန်ချက်စတာ ယူနိုက်တက် သို့ အပြေးလာပြီ ဖြစ်ပါတယ်။

နည်းပြ အဲရစ်တန်ဟက် က သူ့အနေနဲ့ အေဂျက်စ်ရဲ့ ပါတီပွဲကို လိုက်သွားတော့မှာ မဟုတ်တဲ့အကြောင်း၊ မန် ယူနိုက်တက်နဲ့ စောစော ပူးပေါင်းမယ့် အကြောင်းနဲ့ ရော်နယ်ဒို အသင်းမှာ ဆက်ရှိမယ့်အကြောင်းတွေကို ပြောကြားခဲ့ပါတယ်။

အဲရစ်တန်ဟက် က “ယူနိုက်တက်မှာ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။ ဒီကစားသမားတွေနဲ့အတူ အသင်းကို ပုံစံကျအောင် ကျနော်တို့ လုပ်ရမှာပါ။ ရော်နယ်ဒိုကတော့ တကယ့်ကို ဧရာမ ကစားသမား တယောက်ပါ”

“အေဂျက်စ်ရဲ့ ပါတီပွဲက ကူရာကာအိုမှာ လုပ်မယ်ဆိုပေမယ့် ကျနော် မလိုက်တော့ပါဘူး။ ဒါက နားလည်ပေးနိုင်တဲ့ ကိစ္စလို့ ကျနော်ထင်ပါတယ်။ ယူနိုက်တက်မှာ လုပ်စရာတွေအများကြီးရှိပါတယ်။ ဒါက ကလပ်အသင်းတိုင်း လိုလို ဒီလိုပါပဲ”

“ဝန်ထမ်းတွေနဲ့ ကစားသမားတွေကြားထဲမှာ စုစည်းမှုရှိအောင် လုပ်ရမယ့် ကိစ္စတွေရှိနေပါတယ်။ ဒီနေ့ကစပြီး ကျနော်တို့ ကျစ်ကျစ်လျစ်လျစ်နဲ့ လုပ်စရာရှိတာတွေ လုပ်ရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

အဲရစ်တန်ဟက် ဟာ ယူနိုက်တက်နဲ့အတူ (၃) နှစ် စာချုပ်ချုပ်ဆိုထားတာပါ။ အေဂျက်စ်နဲ့ စာချုပ်က ဇွန်လကုန်မှ ပြီးဆုံးမှာ ဖြစ်ပေမယ့် ၆ ပတ်စောကာ ထွက်ခွာလာခဲ့ပြီး ယူနိုက်တက်နဲ့ အတူ တန်ဟက်က လာရောက် ပူးပေါင်းတာ ဖြစ်ပါတယ်။

တန်ဟက် ဟာ အေဂျက်စ်နဲ့အတူ နယ်သာလန် အမှတ်ပေးချန်ပီယံဖြစ်ပြီးတည်းက ယူနိုက်တက် ဘောလုံးဒါရိုက်တာ ဂျွန်မာတာ့ဖ်နဲ့ အမ်စတာဒမ်မှာ တွေ့ဆုံပြီး လိုအပ်တဲ့ကိစ္စတွေကို ဆောင်ရွက်နေခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက် ကစားသမားတွေကိုလည်း နွေမှာ ပုံမှန်ထက် (၂) ပတ်ပိုစောပြီး အသင်းနဲ့ပူးပေါင်းဖို့ ညွှန်ကြားထားပါတယ်။

အဲရစ်တန်ဟက် ဟာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကို အားမရတာကြောင့် သူ့ရဲ့ ကစားကွက်မှာ လိုက်ပါနိုင်ဖို့အတွက် ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေကို အရင်ဆုံး ဦးစားပေး စီစဉ်သွားမှာဖြစ်ပါတယ်။