ချန်ပီယံ၊ တန်းဆင်းဇုံ၊ ရွှေဖိနပ်ဆု၊ ရွှေလက်အိတ်ဆုတွေ အဆုံးအဖြတ် ဖြစ်လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၃၈

ပရီးမီးယားလိဂ် ပြိုင်ပွဲက ပြီးဆုံးဖို့ တစ်ပွဲသာ ကျန်တော့ပေမယ့် အခုချိန်ထိ ချန်ပီယံဆု၊ ချန်ပီယံလိဂ်ဝင်ခွင့်၊ တန်းဆင်းဇုန် လက်ကျန် တစ်နေရာ၊ ရွှေဖိနပ်ဆု၊ ဖန်တီးရှင်ဆု၊ ရွှေလက်အိတ်ဆု စတာတွေ အားလုံးဟာ အဖြေအတိအကျမထွက်သေးပါဘူး။

ဒါတွေ အားလုံးဟာ နောက်ဆုံးပွဲစဉ် ၃ဝ အပြီးမှသာလျှင် အဖြေထွက်တော့မှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မန်စီးတီး ရမှတ် ၉၀၊ လီဗာပူး ၈၉ မှတ်နဲ့ အကြိတ်အနယ် ပြိုင်ဆိုင်နေဆဲဖြစ်သလို ချန်ပီယံလိဂ် ဝင်ခွင့် အတွက်လည်း စပါး ၆၈ မှတ်၊ အာဆင်နယ် ၆၆ မှတ်ဖြစ်တာကြောင့် သင်္ချာနည်းအရ အဖြေမထွက်သေးပါဘူး။

ချန်ပီယံ ဖြစ်ဖို့ မန်စီးတီးက များစွာ အသာစီးရထားသလို စပါးဆိုရင် အဆင့် ၄ နေရာ အတွက် အဲ့ဒီထက်တောင် ပိုပြီး အသာစီးရထားတယ်လို့ ပြောရမှာဖြစ်ပေမယ့် နောက်ဆုံးပွဲစဉ်ရလဒ်တွေက အရေးပါနေဆဲဖြစ်ပါတယ်။

တန်းဆင်းဇုန် လက်ကျန် တစ်နေရာက လွတ်မြောက်နိုင်ရေးအတွက်လည်း အဲဗာတန် ၃၆ မှတ်၊ လိဒ်စ် ၃၅ မှတ်နဲ့ ဘန်လေ ၃၄ မှတ်တို့ အကြိတ်အနယ်ဖြစ်နေဆဲပါပဲ။ အဲဗာတန်နဲ့ ဘန်လေကတော့ နောက်ဆုံးနေ့မတိုင်မီ ပွဲကျန်တစ်ပွဲစီ ကစားရဦးမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးနေ့ရလဒ်တွေဟာ သူတို့အတွက်လည်း အရေးပါနေဆဲပါပဲ။

ရွှေဖိနပ်ဆုအတွက် လီဗာပူး တိုက်စစ်မှုး ဆာလာ ၂၂ ဂိုး၊ စပါးမှ ဆွန်ဟောင်မင် ၂၁ ဂိုးတို့ အပြိုင်ဖြစ်နေသလို ရွှေလက်အိတ်ဆုအတွက်လည်း လီဗာပူး ဂိုးသမား အယ်လီဆွန်နဲ့ မန်စီးတီး ဂိုးသမား အီဒါဆန်တို့က clean sheet ပွဲ ၂၀ စီနဲ့ အကြိတ်အနယ် ဆက်လက် ယှဉ်ပြိုင်နေဆဲဖြစ်ပါတယ်။

ဂိုး ဖန်တီးရှင်ဆု အတွက်တော့ အသင်းဖော်ချင်းဖြစ်တဲ့ မိုဟာမက်ဆာလာနဲ့ အာနိုးလ်တို့ အပြိုင်ဖြစ်နေပြီး ဆာလာက ဂိုးဖန်တီးမှု ၁၃ ကြိမ်၊ အာနိုးလ်က ၁၂ ကြိမ်ဖြစ်ပါတယ်။

ဒါကြောင့် ချန်ပီယံဆုအစ၊ တန်းဆင်းဇုန်အဆုံး အားလုံးကို အဆုံးအဖြတ်ပေးမယ့် ပရီးမီးယားလိဂ် နောက်ဆုံးပွဲ လာမယ့် တနင်္ဂနွေညမှာ ဘယ်သူတွေ အောင်ပွဲခံပြီး ဘယ်သူတွေ ကြေကွဲရဦးမလဲ စိတ်လှုပ်ရှားစွာ ရင်ခုန်စွာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။