ချန်ပီယံလိဂ်မှာ မန်ယူနဲ့ အတူ ပြန်လာမယ် လို့ ကြိုတင်ကြိမ်းဝါးလိုက်တဲ့ နည်းပြ အဲရစ် တန်ဟက်

လာမယ့် ရာသီက စပြီး မန်ချက်စတာ ယူနိုက်တက် ကို တာဝန်ယူမယ့် နည်းပြသစ် အဲရစ် တန်ဟက်ကတော့ သူ့ရဲ့ ပထမဆုံး ဘောလုံးရာသီမှာ မန်ယူကို ချန်ပီယံလိဂ် ဝင်ခွင့် ပြန်ရအောင် လုပ်ဖို့က အဓိက ပဲ လို့ ယုံကြည်နေပါတယ်။

တန်ဟက်က ယူနိုက်တက်ကို သူ အေဂျက်နဲ့ အတူ လုပ်ဆောင်ခဲ့သလို ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ မန်ယူကို အားလုံးက ရှိန်ရတဲ့ ကလပ်အသင်း တစ်သင်း ဖြစ်အောင် လုပ်သွားမယ်လို့လည်း ဆိုခဲ့ပါတယ်။

” ကျနော် ကိုယ်တိုင်လည်း ချန်ပီယံလိဂ် ပွဲတွေမှာ ပါဝင်ချင်တာပေါ့။ ဒါပေမယ့် ဝမ်းနည်းစရာကတော့ အခု မဟုတ်သေးဘူး။ ဒါပေမယ့် ဒါက လုပ်ကို လုပ်ရမယ့် ကိစ္စပါ။ ကျနော့် ရည်မှန်းချက်ကတော့ မန်ချက်စတာ ယူနိုက်တက်ကို ဥရောပမှာ အားလုံးရှိန်ရတဲ့ ဒေါင်ဒေါင်မြည် ကလပ်အသင်း တစ်သင်း ဖြစ်အောင် လုပ်ဖို့ပဲ။

အေဂျက်နဲ့ အတူ ကျနော်တို့ လုပ်ဆောင်ခဲ့သလို ယူနိုက်တက်နဲ့ ချန်ပီယံလိဂ်မှာ တောက်ပဖို့ကလည်း လုပ်ကို လုပ်ရမယ့် လုပ်ငန်းစဉ် တစ်ခုပါ။ ဒါပေမယ့် ပရီးမီးယားလိဂ် က ပို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ နေရာလည်း ဖြစ်တာကြောင့် စိန်ခေါ်မှုတွေကလည်း ပို ကြီးပါမယ်။

ဒီကလပ်အသင်းမှာက တောင်းဆိုမှုတွေ မြင့်မှာပါပဲ။ ကျနော်တော့ မစောင့်နိုင်အောင် ဖြစ်နေပြီ။ အေဂျက်မှာ ရှိခဲ့တဲ့ ကျနော့် နည်းပြကာလတွေက သေချာပေါက် အထောက်အကူ ဖြစ်မှာပါ။ တစ်ကမ္ဘာလုံးက မီးလောင်နေလည်း ကိုယ့် ယုံကြည်မှုနဲ့ ကိုယ် ဆုံးဖြတ်ချက်တွေကို သွေးအေးအေးနဲ့ ရွေးချယ် လုပ်ဆောင်ရပါမယ်။ ” လို့ တန်ဟက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဝင်ခွင့် လက်လွှတ်လိုက်ရလို့ စိတ်ပျက်နေတဲ့ မန်ယူပရိသတ်တွေ အတွက်ကတော့ နည်းပြသစ် တန်ဟက်ရဲ့ ပြတ်သားတဲ့ ရည်မှန်းချက်တွေက ဝမ်းမြောက် အားတက်ဖွယ် ဖြစ်မှာတော့ အမှန်ပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ နောက်ဆုံးပွဲစဉ် အဖြစ် တနင်္ဂနွေနေ့မှာ ပဲလေ့စ်နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ထိုပွဲကို တန်ဟက်က လာရောက် ကြည့်ရှု အားပေးမှာ ဖြစ်ပါတယ်။