ကိုယ့်အသင်းကသာ တန်းဆင်းရလုနီး ဖြစ်ခဲ့ပေမယ့် လီဗာပူး ဖလားမရတာ လှောင်သွားတဲ့ ရစ်ချာလီဆန်
အဲဗာတန် တိုက်စစ်မှူး ရစ်ချာလီဆန်ဟာ မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးသွားခဲ့ပြီးနောက် လီဗာပူးလ်ကို လှောင်ပြောင်မှုတွေပြုလုပ်သွားခဲ့ပါတယ်။
မာဆေးဆိုဒ် ဒေသခံ ပြိုင်ဘက်တွေဖြစ်တာကြောင့် လီဗာပူးလ်ရဲ့ အမှတ်ပေးဖလားမရရှိမှုက အဲဗာတန်အတွက်တော့ သတင်းကောင်းဖြစ်ခဲ့ပြီး ရစ်ချာလီဆန်က အချိန်တောင်မဆိုင်းဘဲ လှောင်ပြောင်သွားခဲ့တာပါ။
သိပ်မကြာခင်ကမှ ကာရေဂါနဲ့လည်း စကားတွေများထားတဲ့ ရစ်ချာလီဆန်က သူ့ရဲ့ တွစ်တာပေါ်မှာ အွန်နရီ ရယ်မောနေတဲ့ ပုံကို တင်ခဲ့ကာ လီဗာပူးလ်ကို လှောင်ပြောင်သွားခဲ့တာဖြစ်ပါတယ်။

ရစ်ချာလီဆန်ရဲ့ Tweet အောက်မှာတော့ လီဗာပူးလ်ပရိသတ်အများအပြားရောက်ရှိလာခဲ့ပြီး ဒီရာသီမှာ ရစ်ချာလီဆန် ညံ့ဖျင်းခဲ့တာတွေကို ပြန်လည်ပြီး ထောက်ပြကာ တုံ့ပြန်ခဲ့ပါတယ်။
မန်စီးတီးဟာ ဗီလာကို ၂ ဂိုးပြတ်အရေးနိမ့်နေရာကနေ အံ့အားသင့်ဖွယ်ရာအဖြစ် ၃ ဂိုးလိုက်သွင်းပြီး အနိုင်ရခဲ့ပါတယ်။ လီဗာပူးလ်ကလည်း ၀ုလ်ဗ်ကို အနိုင်ရခဲ့ပေမယ့် မန်စီးတီးနိုင်ပွဲကြောင့် ဘယ်လိုမှမစွမ်းသာတော့ဘဲ လက်လျှော့ခဲ့ရပါတယ်။
အာဆင်နယ်နဲ့ ကစားနေတဲ့ အဲဗာတန်ကတော့ အဝေးကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့် အသင်းပရိသတ်တွေဟာ လီဗာပူးလ် အဖြစ်ကြောင့် အောင်ပွဲခံနေခဲ့ကြပါတယ်။
အဲဗာတန်ကတော့ တန်းမဆင်းရဖို့အတွက် ရုန်းကန်ခဲ့ရတဲအသင်းဖြစ်ပြီး နောက်ဆုံးပွဲမတိုင်ခင်မှာမှ စိတ်ချ လက်ချ ဖြစ်သွားခဲ့ရတာပါ။ လီဗာပူးလ်ကတော့ အမှတ်ပေးဖလားအတွက် တိုက်ပွဲဝင်ခဲ့ရတာဖြစ်ပြီး သူတို့နှစ်သင်းကြား ကွာဟချက် ကြီးမားခဲ့ပေမယ့် မန်စီးတီးကို လိုက်မမီတော့ချိန်မှာ ရစ်ချာလီဆန်က အားရဝမ်းသာနဲ့ လှောင်ပြောင် သွားခဲ့တာဖြစ်ပါတယ်။