စကရင်နီယာ ကို ပစ်မှတ်ထားခြင်း၊ မက်ဂွိုင်းယားကို မေးခွန်းထုတ်ကြခြင်း၊ ဘရူနို ကို မကျေလည်ကြမှုနဲ့ မန်ယူ အတွင်းသတင်းများ စုစည်းမှု
ဗဟိုနောက်ခံလူနေရာကိုလည်း အင်အားဖြည့်တင်းသွားချင်နေတဲ့ မန်ယူနိုက်တက်အသင်းဟာ စီးရီးအေထိပ်တန်းကလပ် အင်တာမီလန်အသင်းရဲ့ ကြယ်ပွင့် မီလန် စကရင်နီယာကို ချဲလ်ဆီး၊ စပါးအသင်းတို့နဲ့အပြိုင် ချဉ်းကပ်နေတယ်လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ညာနောက်ခံကစားသမား အာရွန် ဝမ် ဘစ်ဆာကာနဲ့ ဗဟိုနောက်ခံလူ အဲရစ် ဘိုင်လီ တို့ကို မူလအစီအစဉ်အတိုင်းပဲ ဒီနှစ်နွေ အပြောင်းအရွှေ့မှာ ရောင်းထုတ်သွားမှာ ဖြစ်တယ်လို့ သတင်းထောက် ရိုမန်နို က ဆိုပါတယ်။
ဘစ်ဆာကာနဲ့ ဘိုင်လီ နှစ်ဦးစလုံးဟာ မန်ယူနိုက်တက်အသင်းရဲ့ အရောင်းစာရင်းထဲမှာ ပါဝင်နေပြီး အခြားတဖက်မှာ ဝါရင့်တိုက်စစ်မှူးကြီး အက်ဒီဆင် ကာဗာနီဟာလည်း ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ဘစ်ဆာကာရဲ့ အနာဂတ်ကတော့ ရလာတဲ့ ကမ်းလှမ်းမှုတွေအပေါ်မှာ မူတည်နေပါတယ်။

ခြေစွမ်းကျဆင်းနေတဲ့အချိန်မှာ ဟယ်ရီ မက်ဂွိုင်းယားတယောက် ဘာကြောင့် ပွဲထွက်ခွင့်ရနေသလဲဆိုပြီး မေးခွန်း ထုတ်ခဲ့တဲ့ ကစားသမားတွေထဲမှာ အဲရစ် ဘိုင်လီလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အခြားအသင်းဖော်တဦးကလည်း မက်ဂွိုင်းယားဟာ အရည်အသွေးမမီဘူးလို့ ဝေဖန်ခဲ့ကြောင်း သတင်းထွက်လာပါပါတယ်။
ဒါ့အပြင် မန်ချက်စတာ ညနေခင်း သတင်း အဆိုအရ ဘရူနို ဖာနန်ဒက်စ်ရဲ့ စွန့်စားပေးပို့မှုတွေဟာ ကလပ်အသင်း အတွက် ပြဿနာတရပ်ဖြစ်ခဲ့တယ်လို့လည်း အသင်းဖော် တော်တော်များများက ယူဆနေကြပါတယ်။ အသင်းတွင်း စည်းလုံးမှု ပြိုကွဲနေတာက ပြီးခဲ့တဲ့ရာသီမှာ မန်ယူနိုက်တက်အသင်း ကျဆုံးခဲ့ခြင်း အကြောင်းအရင်းတွေထဲက တခုပါပဲ။

မန်ယူ ဂိုးသမား ဒီဂီယာ ကတော့ သူ့အနေနဲ့ နည်းပြသစ် အဲရစ် တန်ဟက် လက်အောက်မှာ ကစားဖို့ မစောင့်နိုင်တော့ဘဲ စိတ်လှုပ်ရှားနေပြီဖြစ်ကြောင်း ဖွင့်ဟလာပါတယ်။
“ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ နောက်နှစ်ရာသီအတွက် စိတ်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။ နည်းပြသစ်၊ ကစားသမားသစ်တွေနဲ့ ရှေ့ဆက်နိုင်တော့မှာပါ။ ဒီထက် ပိုကောင်းတဲ့ နေရာတခုဆီ ရောက်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။ အနာဂတ်ကို ကျွန်တော်တို့ ယုံကြည်ရပါမယ်။” လို့ ဒီဂီယာ က ဆိုပါတယ်။

မန်ယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ အပြိုင်စိတ်ဝင်စားနေတဲ့ ဝုလ်ဗ်ကွင်းလယ်လူ ရူဘင် နီဗက်စ်ကတော့ အနာဂတ်အတွက် စဉ်းစားနေပြီဖြစ်ကြောင်း အတည်ပြု ပြောဆို သွားခဲ့ပါတယ်။
ဝမ် ဘစ်ဆာကာကို ရောင်းထုတ်သွားမှာဖြစ်ပေမဲ့လည်း မန်ယူအသင်းဟာ အခြား ညာနောက်ခံကစားသမားတဦးဖြစ်တဲ့ ဒီယိုဂို ဒါလော့ ကိုတော့ အသင်းမှာ ဆက်လက်ထားရှိသွားလို နေပါတယ်။ ပေါ်တူဂီသားရဲ့ တိုက်စစ်လိုက်ပါတဲ့ အရည်အသွေးတွေဟာ နည်းပြ တန်ဟက်ရဲ့ နည်းစနစ်ပိုင်းနဲ့ လျောညီတာကြောင့် အရောင်းစာရင်းထဲ ပါမသွားခြင်း ဖြစ်ပါတယ်။