တန်ဟက်ရွေးမယ့် အသင်းခေါင်းဆောင်သစ်၊ ဒမ်ဘီလီ၊ ဘာစတွန်နီ စတဲ့ မန်ယူ အပြောင်းအရွှေ့နဲ့ ထူးခြား သတင်းများ
မန်ချက်စတာ ယူနိုက်တက်အနေနဲ့ စီးရီးအေကလပ် လာဇီယိုကွင်းလယ်လူ ဆာဗစ်ကိုခေါ်ယူဖို့ စိတ်ဝင်စား နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ နည်းပြသစ်တန်ဟတ်အနေနဲ့ အသင်းရဲ့ကွင်းလယ်ပိုင်းကို အရည်အသွေးမြင့် ကစားသမားတွေနဲ့ ဖွဲ့စည်းလိုနေပြီး ဆာဗစ်ကို ယူရို ၅၅ သန်းနဲ့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။
မန်ယူအနေနဲ့ ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီကို မက်မောဖွယ်ရာ စာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ နွေရာသီမှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမဲ့ ဒမ်ဘီလီကို မန်ယူက တစ်ပတ်လုပ်ခ ပေါင် ၂ သိန်း ၄ သောင်းနဲ့ ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။ ဒမ်ဘီလီဟာ နည်းပြဇာဗီလက်အောက်မှာ ခြေစွမ်းကောင်းပြသထားပြီး ၃၂ ပွဲ ကစားခဲ့ရာ ၂ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၃ကြိမ်ပြုလုပ်ထားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာအတွက် ဂျူဗင်တပ်ဆီက ကမ်းလှမ်းမှုကို စောင့်ဆိုင်း နေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီနဲ့ သတင်းတွေ မှေးမှိန်သွားပြီးနောက် ဂျူဗင်တပ်အနေနဲ့ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဆောက်သမ်တန်အနေနဲ့ မန်ယူရဲ့လူငယ်ကြယ်ပွင့် ဂျိမ်းစ်ဂါနာကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။ ၂၁ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံရှစ်ကလပ် နော်တင်ဟမ်ဖောရက်စ်ထံ အငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး စွမ်းဆောင်ရည်ကောင်း ပြသခဲ့တာပါ။
မန်ချက်စတာယူနိုက်တက်နည်းပြသစ် တန်ဟတ်က မန်ယူရဲ့ အဓိက ကစားသမားတွေအနေနဲ့ သူ့နည်းစနစ်ပိုင်းနဲ့ မလိုက်ဖက်မှာ စိုးရိမ်မှုရှိကြောင်း၊ မန်ယူကစားသမားတွေ သက်သောင့်သက်သာ ဖြစ်စေမဲ့ ပုံစံမျိုးကို စဉ်းစားသွားရမှာ ဖြစ်ကြောင်း ESPN နဲ့ တွေ့ဆုံရာမှာ ဖွင့်ဟခဲ့ပါတယ်။
မန်ယူနည်းပြသစ် တန်ဟတ်အနေနဲ့ မက်ဂွဲရားရဲ့ အသင်းခေါင်းဆောင်ရာထူးကို အစားထိုးဖို့အတွက် ကစားသမား ၃ ဦး ကို လျာထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တန်ဟတ်အနေနဲ့ မက်ဂွဲရားရဲ့နေရာမှာ ဒီဂီယာ၊ စီရော်နယ်ဒိုနဲ့ ဖာနန်ဒက်စ်တို့ကို အသင်းခေါင်းဆောင်အဖြစ် အစားထိုး ခန့်အပ်သွားမှာပါ။

အင်တာမီလန်နောက်ခံလူ ဘာစတွန်နီကို ခေါ်ယူလိုတဲ့အသင်းတွေထဲ မန်ယူလည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ အသက်၂၃ နှစ်အရွယ် အရည်အသွေးမြင့် နောက်ခံလူကို ဥရောပထိပ်သီး များစွာက စိတ်ဝင်စားလျက်ရှိနေတာပါ။ ဒါပေမဲ့ အင်တာဘက်က သူတို့ရဲ့ ကစားသမားအတွက် ယူရိုသန်း ၆၀ အလိုရှိနေပြီး အဲဒီပမာဏကို မန်ယူအနေနဲ့ ပေးချေဖွယ် မရှိဘူးလို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းနဲ့စာချုပ် ကုန်ပြီ ဖြစ်တဲ့ အသက် ၃၉ နှစ် အရွယ် ဂိုးသမားကြီး လီဂရန့်ကို ထွက်ခွာခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဂရန့်ကလည်း ဘောလုံးကစားခြင်းကပါ အနားယူလိုက်ပြီ ဖြစ်ပါတယ်။
ဆီဗီလာ အသင်းကတော့ အငှား လာကစားနေတဲ့ ယူနိုက်တက် တိုက်စစ်မှုး အန်တိုနီ မာရှယ် ကို အပြီးသတ် ခေါ်ယူဖြစ်မှာ မဟုတ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။ ဒါကြောင့် မာရှယ်က မန်ချက်စတာ သို့ နောက်ရာသီ ပြန်လာမှာပါ။