ဒိုလေးကို မန်ယူက ပြန်ခေါ်ခဲ့တာ အတွက် နောင်တတွေ တသီကြီး ရခဲ့တဲ့ နည်းပြဟောင်း ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း ဆိုးလ်ရှားဟာ စီ ရော်နယ်ဒိုကို မန်ယူအသင်းဆီ ပြန်လည် ခေါ်ယူခဲ့တာအတွက် နောင်တတွေ ရနေတယ်လို့ သိရပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကို ပြီးခဲ့တဲ့နွေက ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်က ပြန်လည်ခေါ်ယူခဲ့ရာမှာ ဆိုးလ်ရှားရဲ့ သဘောထား ဆန္ဒမပါဝင်ဘဲ အသင်းဘုတ်အဖွဲ့ကသာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ဆိုးလ်ရှားက ဆန်ချိုနဲ့ ဗာရာနီတို့ကို ခေါ်ယူခဲ့ပြီး ရော်နယ်ဒိုကိုတော့ ခေါ်ယူဖို့ ဆန္ဒမရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးက ရော်နယ်ဒိုကို ခေါ်ယူနိုင်ဖို့အတွက် နီးစပ်နေချိန်မှာ ယူနိုက်တက်က ကြားဖြတ်ကာ ခေါ်ယူခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ပြန်လည်ပေါင်းစည်းခဲ့ပါတယ်။

ပြီးသွားတဲ့ ဘောလုံးရာသီမှာ စီ ရော်နယ်ဒိုဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ဂိုးအထိကို သွင်းယူပေးခဲ့ပေမယ့် ဆိုးရှားလ်ကတော့ ဒီအပြောင်းအရွှေ့အတွက် နောင်တရနေခဲ့တယ်လို့ The Times သတင်း က ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တခုကပြောခဲ့ရာမှာ နော်ဝေသားက ရော်နယ်ဒိုဟာ သူ့ရဲ့ စီမံကိန်းတွေနဲ့ အံဝင် ခွင်ကျမဖြစ်ဘူးလို့ ယူဆခဲ့ကြောင်း ဆိုပါတယ်။ ဆိုးလ်ရှားက အသင်းကို လူငယ်ကစားသမားတွေ၊ တိုက်စစ်အသားပေးပုံစံနဲ့ ပုံဖော်ချင်နေခဲ့ပြီး အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုက သူ့အတွက် ပြသနာတခုလို့ ရှုမြင်ခဲ့ပါတယ်။

ဆိုးလ်ရှား လက်အောက်မှာ ရော်နယ်ဒိုက ဂိုးတွေသွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း တဖက်မှာတော့ အသင်းရလဒ်ပိုင်းနဲ့ ခြေစွမ်းက ကျဆင်းနေခဲ့ပြီး ဆိုးလ်ရှားလည်း ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ တော်တော်လေးဆိုးရွားတဲ့ ဘောလုံးရာသီကို ရင်ဆိုင်ခဲ့ရပြီး နည်းပြ အပြောင်းအလဲတွေ ပြုလုပ်ခဲ့ရကာ ရာသီကုန်မှာတော့ ကံကောင်းလို့သာ ယူရိုပါလိဂ် ဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှား အထုတ်ခံရချိန်မှာ ကာရစ်က ယာယီနည်းပြအဖြစ် ပွဲအနည်းငယ်တာဝန်ယူခဲ့ပြီး အဲဒီနောက်မှာ ရန်းနစ်ခ်ကို ရာသီကုန်ထိ ခန့်အပ်ခဲ့ပါတယ်။ လာမယ့်ရာသီ အတွက်တော့ တန်ဟက် ကို နည်းပြသစ် အဖြစ် ခန့်အပ်ထားပြီး တန်ဟက် က ရော်နယ်ဒိုကို ကစားသမားကောင်း အဖြစ် ချီးကျူးထားကာ သူ့လူစာရင်းမှာ ထည့်သွင်းဖွယ် ရှိပါတယ်။