နူနက်ဇ်အတွက် လီဗာပူး ကမ်းလှမ်းမှု၊ မန်ယူချိတ်နေတဲ့ ဘာစတွန်နီနဲ့ ယနေ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းများ

မော်ရင်ဟိုရဲ့ ရိုးမားကတော့ စီးရီးအေထိပ်သီးအသင်းတွေ ပစ်မှတ်ထားနေတဲ့ သူတို့ရဲ့ ကြယ်ပွင့် ကစားသမား ဇာနီယိုလို အတွက် ဈေးကောင်းရလိုနေပါတယ်။ ၂၂ နှစ်အရွယ် ကွင်းလယ်လူရဲ့စာချုပ်ဟာ ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး သူ့ကို အေစီမီလန်၊ အင်တာ၊ ဂျူဗင်တပ်တို့က ပစ်မှတ်ထားနေတာပါ။ ရိုးမားအနေနဲ့ ဇာနီယိုလိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၆၅ သန်း အလိုရှိနေပါတယ်။

ချဲလ်ဆီးနောက်ခံလူ အလွန်ဆိုက သူ့အနေနဲ့ စတမ်းဖို့ဘရစ်ချ်ကနေ ထွက်ခွာပြီး စပိန်ကို ပြောင်းရွှေ့လိုနေတယ်လို့ အတည်ပြုခဲ့ပါတယ်။ “ချဲလ်ဆီးမှာ ကျွန်တော် ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့ စပိန်မှာ ကစားဖို့ကကျွန်တော့်ရဲ့ ဆန္ဒပါ။ ဒါကလည်း ကျွန်တော့်ရဲ့အပေါ်မှာ လုံးလုံးလျားလျား မမှီခိုနေပါဘူး”လို့ အလွန်ဆိုက ဖွင့်ဟခဲ့ပါတယ်။

လီဗာပူးအနေနဲ့ ဘင်ဖီကာတိုက်စစ်မူှး ဒါဝင်နူနက်ဇ်ကို ခေါ်ယူနိုင်ဖို့အတွက် ကမ်းလှမ်းမှု စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဘင်ဖီကာက နူနက်ဇ် အတွက် ပေါင် ၈၅ သန်း ရလိုနေပြီး လီဗာပူးကမ်းလှမ်းမှုမှာ ပေါင် ၆၈ သန်းနဲ့ စွမ်းဆောင်ရည် အလိုက် ထပ်တိုးလာမယ့် ဆုကြေး ပေါင် ၁၇ သန်း ကျော် ပါဝင်ပါတယ်။

အဲဗာတန်နည်းပြ လမ်းပတ် အနေနဲ့ စပါးကွင်းလယ်လူ ဟယ်ရီဝင့်ခ်ကို ခေါ်ယူလိုလျက် ရှိနေပါတယ်။ ဟယ်ရီဝင့်ခ်ဟာ နည်းပြကွန်တီလက်အောက်မှာ ကစားခွင့်ပျောက်ဆုံးခဲ့ပြီး မှေးမှိန်ခဲ့ရသူပါ။ လမ်းပတ်အနေနဲ့ ဟယ်ရီဝင့်ခ်ကို ဂူဒီဆင်ပတ်ခ်မှာ ပြန်လည်တည်ဆောက်ပေးလိုနေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ အင်တာမီလန်နောက်ခံလူ ဘာစတွန်နီကို ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ Daily Mail က ဖော်ပြထားပါတယ်။ မန်ယူနည်းပြသစ်တန်ဟတ်အနေနဲ့ နော်က်တန်ကိုး ပြင်ဆင်မှု ပြုလုပ်ရာမှာ ၂၃ နှစ်အရွယ် ကစားသမားကို စိတ်ဝင်စားနေပါတယ်။ ကစားသမားကိုယ်တိုင်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့အသင်းကိုသာ ပြောင်းလိုနေပြီး အင်တာက သူ့အတွက် ပေါင်သန်း ၅၀ အလိုရှိနေပါတယ်။

လိဒ်စ်ယူနိုက်တက်အနေနဲ့ ဆောဘတ်ညာနောက်ခံလူ ခရစ္စတန်ဆန်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ အပြောင်းအရွှေ့ ဂုရုကြီး ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ လိဒ်စ်နဲ့ ဆောဘတ်တု့ိအကြားသဘောတူညီမှု အလုံးစုံ ရရှိပြီးပြီဖြစ်ပြီး မနက်ဖြန်မှာ ဆေးစစ်မှု ခံယူသွားမှာဖြစ်ပြီး အပြောင်းအရွှေ့ကို အတည်ပြုဖို့ပဲ ကျန်တော့တာပါ။

ဘာစီလိုနာအနေနဲ့ ဗီလာရီးရဲတိုက်စစ်မူှး မိုရီနိုကို စိတ်ဝင်စားနေပါတယ်။ ၃၀ နှစ်အရွယ် ကစားသမားရဲ့ စာချုပ် သက်တမ်းဟာ ယူရိုသန်း ၁၀၀ ရှိနေပေမဲ့ နွေရာသီမှာသူ့ကိုခေါ်ယူမယ်ဆိုရင်တော့ ယူရိုသန်း ၄၀ နဲ့သာ ရရှိမှာပါ။ ဘာစီအနေနဲ့ တကယ်လို့ လီဝန်ဒေါစကီးကိုခေါ်ဖို့ အဆင်မပြေဖြစ်ခဲ့ရင် မိုရီနိုဘက်မြားဦးလှည့်မှာပါ။

ဘရိုက်တန်ကွင်းလယ်လူု ဘစ်ဆိုမာက သူ့ကို ကမ်းလှမ်းလာတဲ့အသင်းတွေများစွာရှိတဲ့အထဲကမှ အာဆင်နယ်ကို ရွေးချယ်တော့မှာဖြစ်တယ်လို့ La Gazzetta dello Sport က ဖော်ပြထားပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေကတည်းက ဘစ်ဆိုမာကို စိတ်ဝင်စားခဲ့တာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း အာဆင်နယ်မှာ လိုလိုလားလား ကစားလို နေတာပါ။