ရွှေဖိနပ် ဆု ရှင် ဆွန်ဟောင်မင်ကို ချန်လှပ်ပြန်တဲ့ PFA အကောင်းဆုံး ၁၁ ယောက်အသင်း ထွက်ပေါ်လာ

ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖွဲ့အစည်း (PFA)က ပြီးသွားတဲ့ ဘောလုံးရာသီ အတွက် PFA အကောင်းဆုံး ကစားသမားဆု ရရှိသူနဲ့ PFA အကောင်းဆုံးအသင်းစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

PFA အကောင်းဆုံးအသင်း ရွေးချယ်မှုမှာတော့ အငြင်းပွားဖွယ်ရာဖြစ်ခဲ့ပြီး ရွှေဖိနပ်ကို ရယူနိုင်ခဲ့တဲ့ စပါးတိုက်စစ် ကစားသမား ဆွန်ဟောင်မင် ချန်လှပ်ခံခဲ့ရပါတယ်။ ဆွန်ဟောင်မင်ဟာ ၂၀၂၁-၂၂ ရာသီမှာ စပါးတိုက်စစ်ကစားသမား ခြေစွမ်းကောင်းတွေ ပြသခဲ့ပြီး စပါးရဲ့အကောင်းဆုံး ကစားသမားလို့ ဆိုရမှာ ဖြစ်သလို ရွှေဖိနပ် ဆု ကိုလည်း ပင်နယ်တီ သွင်းဂိုး တစ်လုံးမှ မပါဝင်ခဲ့ပါဘူး။

PFA အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ဆွန်ဟောင်မင် ပါဝင်ခဲ့ခြင်း မရှိချိန်ကတည်းက ပရိသတ်တွေရဲ့ ဝေဖန်မှုက မြင့်တက်နေခဲ့တာပါ။ အခု PFA အကောင်းဆုံးအသင်းမှာလည်း ဆွန်ဟောင်မင်က အံ့အားသင့်ဖွယ် ပါဝင်လာခဲ့ခြင်း မရှိဘဲ ထပ်မံ ချန်လှပ်ခံခဲ့ရပါတယ်။

PFA အကောင်းဆုံးအသင်းမှာတော့ မန်စီးတီးနဲ့ လီဗာပူး ကစားသမားတွေသာလွှမ်းမိုးထားခဲ့ပြီး သူတို့နှစ်သင်းပေါင်းက ကစားသမား ၉ ယောက်အထိ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

ဂိုးသမားနေရာမှာတော့ ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးအတွက် Clean Sheet ပွဲ ၂၀ အထိ ရယူပေးနိုင်ခဲ့တဲ့ လီဗာပူး ဂိုးသမား အယ်လစ်ဆန်က ရွေးချယ်ခံခဲ့ရပါတယ်။ အယ်လစ်ဆန်ဟာ မန်စီးတီးဂိုးသမား အီဒါဆန်နဲ့ အပြိုင်ဖြစ်ခဲ့ပြီး တစ်ရာသီလုံး တည်ငြိမ်တဲ့လက်စွမ်းကို ပြသနိုင်ခဲ့တာပါ။

နောက်တန်း ၄ ယောက်နေရာမှာတော့ လီဗာပူးက အာနိုးလ်နဲ့ ဗန်ဒိုက်ချ်၊ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါနဲ့ မန်စီးတီး နောက်ခံလူ ကန်ဆယ်လိုတို့ ရွေးချယ်ခံခဲ့ရပါတယ်။ အာနိုးလ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဂိုးဖန်တီတီး ၁၂ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ကာ ချဲလ်ဆီးကနေ ထွက်ခွာသွားပြီဖြစ်တဲ့ ရူဒီဂါကလည်း အသင်းအတွက် စွမ်းစွမ်းတမံ ပေးဆပ်ခဲ့တာ ဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား ၃ ယောက်နေရာမှာတော့လီဗာပူးနဲ့ မန်စီးတီး ကစားသမားတွေသာ နေရာယူလွှမ်းမိုးခဲ့ပါတယ်။ လီဗာပူးက သီယာဂိုနဲ့ မန်စီးတီးက ဒီဘရိုင်းနဲ့ ဘာနာဒိုဆေးလ်ဗားတို့ ရွေးချယ်ခံခဲ့ရပါတယ်။ဒီနေရာမှာ စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင် မပါလာတဲ့အပေါ် ဝေဖန်မှုတွေ၊ အငြင်းပွားမှုတွေ ပြင်းပြင်းထန်ထန် ရှိခဲ့ပါတယ်။

တိုက်စစ်ကစားသမား ၃ ယောက်နေရာမှာတော့ လီဗာပူးတိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဆာလတ်၊ မာနေးတို့နဲ့အတူ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုက ရွေးချယ်ခံခဲ့ရပါတယ်။ PၤFA တစ်နှစ်တာအကောင်းဆုံးဆုကိုတော့လီဗာပူးတိုက်စစ်မှူး ဆာလတ်က မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့ပါတယ်။ အကောင်းဆုံး လူငယ်ဆုကို မန်စီးတီးကြယ်ပွင့် ဖိုဒန်က ရရှိခဲ့ပါတယ်။