စတာလင်၊ ကွန်ဒေ၊ ကင်ဘတ်ပီ၊ အင်တာမပြန်နိုင်တော့မယ့် လူကာကူနဲ့ နောက်ဆုံးရ ချဲလ်ဆီး သတင်းတိုများ

ချဲလ်ဆီးအနေနဲ့ ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီကိုခေါ်ယူနိုင်မယ်လို့ ယုံကြည် နေပါတယ်။ ဒမ်ဘီလီဟာ ဘာစီလိုနာကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမှာဖြစ်ပြီး ချဲလ်ဆီးနည်းပြ တူချယ်က သူ့တပည့်ဟောင်းနဲ့ ပြန်လက်တွဲသွားဖို့ ပြင်ဆင်နေတာပါ။

လိဂ်ဝမ်းကလပ် အမ်ကေဒွန်းနောက်ခံလူ ဟာရီဒါလင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ချဲလ်ဆီးကလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ အဆိုပါ ၂၂ နှစ်အရွယ် အရည်အသွေးမြင့်နောက်ခံလူဟာ လိဂ်ဝမ်းမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသထားပြီး သူ့ကို ဘရိုက်တန်၊ နော့ဝှစ်ချ်တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အင်တာမီလန်ဟာ ချဲလ်ဆီးတိုက်စစ်မှူး လူကာကူရေးကို ပြန်လည်ခေါ်ယူရေး လက်လျှော့ဖွယ် ရှိနေပါတယ်။ အင်တာဟာ လူကာကူကို ပြန်ခေါ်ဖို့ရာ ဘဏ္ဍာရေး အခက်အခဲရှိနေပြီး ချဲလ်ဆီးဘက်က တောင်းဆိုတဲ့ ပမာဏကို ပေးချေလိုခြင်း မရှိကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ လူကာကူအတွက် အငှားကြေးချည်းပဲ ပေါင်သန်း ၂၀ တောင်းဆိုထားပါတယ်။

ချဲလ်ဆီး နောက်ခံလူ ရီစီဂျိမ်းစ်က အသင်းရဲ့ဂန္ထဝင်ဟောင်း ဒရော့ဂ်ဘာဟာ သူ့ရဲ့ ငယ်ဘ၀ Idol ဖြစ်ကြောင်း၊ သူဟာ အသက် ၁၂ နှစ်၊ ၁၃ နှစ်အရွယ်မှာ တိုက်စစ်မှူးဖြစ်ခဲ့ပြီး ဒရော့ဂ်ဘာကိုကြည့်ပြီး ကြီးပျင်းလာခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

ချဲလ်ဆီး ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဂျီနောက်ခံလူ ကင်ဘတ်ပီက လက်ရှိကလပ်နဲ့ သက်တမ်းတိုးဖို့ ပွဲထွက် အာမခံချက်နဲ့ ပတ်သတ်ပြီး မေးမြန်းနေပါတယ်။

ချဲလ်ဆီးနောက်ခံလူဟောင်း စကော့မင်တိုက ချဲလ်ဆီးအနေနဲ့ မန်စီးတီး တိုက်စစ်ကစားသမား စတာလင်ကို ခေါ်ယူသင့်တယ် လို့ တိုက်တွန်းခဲ့ပါတယ်။ “ချဲလ်ဆီးက စတာလင်အတွက် လိုက်ဖက်တဲ့ အသင်းပါ။ စတာလင် အနေနဲ့လည်း ချဲလ်ဆီးကိုပြောင်းတာက သူ့အတွက် ပိုကောင်းမှာပါ”လို့ မင်တိုက မှတ်ချက်ပြုခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ အပြောင်းအရွှေ့မှာ အဓိကပစ်မှတ်ထားနေတဲ့ ဆီဗီလာ နောက်ခံလူ ကွန်ဒေဟာ ပြင်သစ် အသင်းနဲ့ အတူ ရှိစဉ် ခရိုအေးရှားနဲ့ ကစားခဲ့တဲ့ ယူရိုနေးရှင်းလိဂ်ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး လူစားလဲခံခဲ့ရပါတယ်။ ကွန်ဒေရဲ့ ဒဏ်ရာဟာ ခွဲစိတ်မှု ခံယူဖို့ လိုအပ်ပြီး ကာလရှည် အနားယူရဖွယ်ရှိနေတယ်လို့ ပြင်သစ်နည်းပြ ဒမ့်ချက်စ်က ဆိုထားခဲ့ပါတယ်။

ချဲလ်ဆီးဟာ အသက် ၂၁ နှစ်အရွယ် လူငယ်ကြယ်ပွင့် ဂယ်လ်မောကို ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်လိုက်ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။