တန်ဟက် အဓိက ပစ်မှတ် ကွင်းလယ်၂ဦး၊ ဒမ်ဖရိုင်း၊ ဘယ်လင်ဟမ်တို့နဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာယူနိုက်တက် သမိုင်းတစ်လျှောက် အကောင်းဆုံးခေါ်ယူမှုတွေကို နာမည်ကျော် သတင်းဌာနတစ်ခုဖြစ်တဲ့ GOAL ရွေးချယ်ခဲ့ရာ ဒင်းနစ်လော၊ ဘရိုင်ယန်ရော့ဘ်ဆင်၊ အဲရစ်ကန်တိုနာ၊ ပီတာရှမိုက်ကယ်၊ စီရော်နယ်ဒို၊ ဝိန်းရွန်းနီ၊ ရွိုင်ကိန်း၊ ဒင်းနစ်အာဝင်၊ ဗီဒစ်၊ ပတ်ဒီခရီရန့်တို့ ပါဝင်ခဲ့ပါတယ်။

မန်ယူဟာ အပြောင်းအရွှေ့မှာ ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်နဲ့ ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင် တို့ကို ခေါ်ယူရေး လက်မေလျှော့သေးပါဘူး။ နည်းပြသစ်တန်ဟတ်အနေနဲ့ ထိုကွင်းလယ်လူနှစ်ဦးစလုံးကို အရ ခေါ်ယူဖို့ ဖိအားပေး ကြိုးပမ်း နေပါတယ်။

၂၀၂၂ ခုနှစ် Golden Boy ဆုအတွက် ဆန်ခါတင် အယောက် (၁၀၀) စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ မန်ချက်စတာ ယူနိုက်တက်က လူငယ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ အီလန်ဂါနဲ့ဒီရယ်လိုတို့ ပါဝင်ခဲ့ပါတယ်။ အီလန်ဂါဟာ ပြီးခဲ့တဲ့ရာသီ နှောင်းပိုင်းမှာ နည်းပြရန်နစ်လက်အောက်မှာ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး ဒီရယ်လိုကတော့ ရိန်းဂျားစ်ကို အငှားထွက် ကစားခဲ့ပါတယ်။

အင်တာမီလန်ကတော့ မန်ယူအလိုရှိနေတဲ့ သူတို့ရဲ့ နောက်ခံလူ ဒန်ဖရိုင်းအတွက် ပေါင် ၂၆ သန်း တောင်းဆို ထားပါတယ်။ အင်တာဟာ အပြောင်းအရွှေ့ဘတ်ဂျက်ရအောင် ဒန်ဖရိုင်းကို ရောင်းထုတ်လိုနေပြီး ကစားသမား ကလည်း အင်တာက ထွက်ခွာဖြစ်ခဲ့ရင် သူနဲ့ ရင်းနှီးတဲ့ တန်ဟတ်ရဲ့မန်ယူကို ပြောင်းရွှေ့ဖို့ ဦးစားပေးဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ အာဆင်နယ် ကစားသမားဟောင်း ချာလီ နီကိုလက်စ်က တန်ဟတ် လက်အောက်မှာ ကွင်းလယ်လူ ဗန်ဒီဘတ်ချ်အနေနဲ့ အဓိက ကစားသမားဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ဗန်ဒီဘတ်ခ်ျဟာ မန်ယူမှာ ရုန်းကန်နေရပေမဲ့ တန်ဟတ်လက်အောက်မှာ ပြန်တောက်ပလာဖွယ် ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တဲ့ နယ်သာလန်ကွင်းလယ်ကြယ်ပွင့် ခရာဗင်ဘတ်ချ်က သူ့အနေနဲ့ ဆရာရင်း တန်ဟတ်ရဲ့ မန်ယူကိုပြောင်းလာဖို့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ရကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ မန်ယူဟာ ခမ်းနားတဲ့ အသင်းကြီးတစ်သင်းဖြစ်ကြောင်း၊ ဒါပေမဲ့ ဘိုင်ယန်ကို ကတိပေးထားခဲ့ပြီးပြီဖြစ်ကြောင်း ခရာဗင်ဘတ်ချ်က ဆိုခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ရဲ့ အဓိကပစ်မှတ်တစ်ဦးဖြစ်တဲ့ ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဟမ်ကို လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်က ဖြတ်လုဖို့ ကြံရွယ်နေပါတယ်။ ရီးရဲအနေနဲ့ ၁၈ နှစ်အရွယ်အင်္ဂလန်ကြယ်ပွင့်ကိုပေါင် ၇၈ သန်းနဲ့ခေါ်ယူဖို့ စီစဉ်နေတာပါ။ မန်ယူဟာ ၂၀၂၃ ခုနှစ် နွေရာသီမှာ ဘယ်လင်ဟမ်ကို အဓိကပစ်မှတ်အဖြစ် ကြိုးပမ်းသွားမှာပါ။

မန်ချက်စတာယူနိုက်တက် လူငယ်ကြယ်ပွင့် ဂျိမ်းစ်ဂါနာက သူ့အနေနဲ့ အနာဂတ်အတွက် နည်းပြသစ်တန်ဟတ်နဲ့ စကားပြောဆိုရသေးခြင်း မရှိဘူးလို့ ဖွင့်ဟခဲ့ပါတယ်။