ဒိုလေး အသင်းသစ် ရှာနေခြင်း၊ တိုက်စစ်၊ ကွင်းလယ် ပစ်မှတ်များနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

မန်ချက်စတာယူနိုက်တက်အနေနဲ့ အဓိက ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်အတွက် ဒုတိယ အကြိမ်မြောက် ကမ်းလှမ်းမှု ပြုလုပ်သွားမှာဖြစ်ပြီး ဒီတစ်ခေါက် ကမ်းလှမ်းမှုက ဒီဂျောင်ကိုခေါ်ယူနိုင်မယ်လို့လည်း ယုံကြည် နေပါတယ်။ လက်ရှိမှာတော့ မန်ယူဟာ ဒီဂျောင်ကို ယူရိုသန်း ၇၀ နဲ့ add-ons ကြေး ထည့်သွင်း ကမ်းလှမ်းသွားမှာပါ။

အေးဂျင့် ဂျော့မန်ဒက်စ်အနေနဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုအတွက် အသင်းသစ် ရှာဖွေလျက်ရှိနေပြီလို့ La Repubblica က ဖော်ပြထားပါတယ်။ စီရော်နယ်ဒိုကို ခေါ်ယူဖို့ မော်ရင်ဟိုရဲ့ ရိုးမားက ချိတ်ဆက်မှုပြုလုပ်နေတယ်လို့ သိရပြီး အသင်းဟောင်း စပို့တင်းလစ္စဘွန်းကိုလည်း ပြန်ဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

မန်ယူ နောက်ခံလူ မက်ဂွဲရားက နေရှင်းလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးနေလို့ ဝေဖန်မှုတွေ ရင်ဆိုင်နေရတဲ့ အင်္ဂလန်နည်းပြ ဆောက်ဂိတ် ဘက်ကနေ ကာကွယ်သွားခဲ့ပြီး ၁၉၆၆ ခုနှစ်က ဆာရမ်ဆေးပြီးရင် ဆောက်ဂိတ်မှာ အအောင်မြင်ဆုံး အင်္ဂလန်နည်းပြဖြစ်ကြောင်း၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆောက်ဂိတ်နဲ့ ထပ်ပြီးလက်တွဲရဖို့ မစောင့်နိုင်အောင်ဖြစ်မိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဂျင်တီးနား ဂန္ထဝင်ဟောင်း မာရှေယာနိုက မန်ယူကြယ်ပွင့် ဂါနာချိုကို ချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။ ဂါနာချိုဟာ များစွာ တိုးတက်လာနိုင်တဲ့ အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားကြောင်း၊ ဂါနာချိုဟာ အာဂျင်တီးနားရဲ့ အနာဂတ် ကစားသမား ဖြစ်ကြောင်း မာရှေယာနိုက ဆိုခဲ့တာပါ။

မန်ယူအသင်းဟာ ဂိုးသမား ဒိန်းဟန်ဒါဆန် အငှားနဲ့ ထွက်ခွာသွားပါက နောက်ထပ်ဂိုးသမားတစ်ဦး ခေါ်ယူသွားဦးမှာ လို့ MEN က ဖော်ပြထားပါတယ်။ ဒီဂီယာရဲ့နောက်မှာသာ ရောက်နေတဲ့ ၂၅ နှစ်အရွယ်ဂိုးသမားအနေနဲ့ နော်တင်ဟမ် ကို အငှားနဲ့ ပြောင်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

BeIN Sports ရဲ့ အစီအစဉ်တင်ဆက်သူ ရစ်ချတ်ကီးစ်က အသင်းကနေ ထွက်ခွာပြီးမှ မန်ယူကို ဝေဖန်မှုပြုလုပ်ခဲ့တဲ့ ပေါ့ဘာကို ပြစ်တင်ခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ မန်ယူမှာ တစ်ပတ် ပေါင် ၃ သိန်း အထိ ရခဲ့တာဖြစ်ကြောင်း၊ ပေါ့ဘာဟာ မော်ရင်ဟိုပြောသလို ဗိုင်းရပ်စ်ဖြစ်ကြောင်း ရစ်ချတ်ကီးစ်က ဆိုခဲ့ပါတယ်။

မန်ယူက နော်တင်ဟမ်ဖောရက်စ် တိုက်စစ်ကစားသမား ဘရီနန်ဂျွန်ဆင်ကို ခေါ်ယူဖို့ ချိတ်ဆက် နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ၂၁ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက နော်တင်ဟမ် ဖောရက်စ် အတွက် ၁၈ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ပေးထားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပစ်မှတ်ထားနေတဲ့ ဂျူဗင်တပ်ကွင်းလယ်လူ ရာဘီအော့ဖ်ကို အရှိန်မြှင့် ကြိုးပမ်းလာခဲ့ပြီ ဖြစ်ပါတယ်။ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ၂၇ နှစ်အရွယ်ကစားသမားကို ဂျူဗင်တပ်က ရောင်းထုတ် သွားမှာဖြစ်ပြီး မန်ယူအနေနဲ့ သူ့ကို နယူးကာဆယ်၊ ချဲလ်ဆီးတို့နဲ့ ပြိုင်ခေါ်ရမှာပါ။