ပွဲထွက်ခွင့် အာမခံချက် တောင်းနေတဲ့ ဒမ်ဘီလီ၊ အကီနဲ့ စတားလင်းကို ချိန်ခြင်းနဲ့ ချဲလ်ဆီး သတင်းတိုများ

ဘာစီလိုနာ တောင်ပံကစားသမား ဒမ်ဘီလီအနေနဲ့ ပရီးမီးယားလိဂ်ကလပ်ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ရာ ပုံမှန် ပွဲထွက် ကစားခွင့် တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒမ်ဘီလီဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာဖို့ နီးစပ်နေပါတယ်။

ချဲလ်ဆီးအသင်း မန်စီးတီးနဲ့ စာချုပ် ၁၂လသာ ကျန်တော့တဲ့ တိုက်စစ်ကစားသမား စတာလင်ကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ စီးတီးကတော့ အင်္ဂလန်သား အတွက် ပေါင် သန်း ၆ဝ ဈေးသတ်မှတ်ထားတာပါ။

ချဲလ်ဆီး အသင်းဟာ သူတို့ ပစ်မှတ်ထားနေတဲ့ တိုရီနိုနောက်ခံလူ ဘရီမာကို ခေါ်ယူဖို့ အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားတယ် လို့ နာမည်ကျော် သတင်းထောက် ဒီမော်ရစ်ဇီယိုက ဖော်ပြထားပါတယ်။ ချဲလ်ဆီး က ၂၅နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ထားပြီး ကစားသမားကိုယ်တိုင်ကလည်း လိုလားမှု ရှိနေပါတယ်။

ချဲလ်ဆီး တိုက်စစ်ကစားသမား ပူလီဆစ်ကို ခေါ်ယူဖို့ ဥရောပ ထိပ်သီး အသင်း (၃) သင်းက အပြိုင် ကြိုးပမ်း နေပါတယ်။ ပရီးမီးယားလိဂ်ထိပ်သီး လီဗာပူး၊ စီးရီးအေထိပ်သီးကလပ်တွေဖြစ်ကြတဲ့ ဂျူဗင်တပ်၊ အေစီမီလန်တို့က ပူလီဆစ်ကို ခေါ်ဖို့ ပစ်မှတ်ထားနေကြတာ ဖြစ်ပါတယ်။

ချဲလ်ဆီးအနေနဲ့ ရီစီဂျိမ်းစ်ရဲ့ အရန်အဖြစ်ထားရှိဖို့ လန်းစ်ညာနောက်ခံလူ ဂျိုနသန် ကလောရပ်စ် ကို ပစ်မှတ်ထား နေတယ် လို့ ပြင်သစ်သတင်းစာက ဖော်ပြထားပါတယ်။ လန်းစ် အနေနဲ့ သူတို့ရဲ့ ၂၉ နှစ်အရွယ်ကစားသမားကို ယူရို ၁၀ သန်း ရရင် ရောင်းချသွားမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ သူတို့ရဲ့နောက်ခံလူဟောင်း မန်စီးတီး ကစားသမား အကီကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ ဒီမော်ရစ်ဇီယိုက ဖော်ပြထားပါတယ်။ အကီဟာ ၂၀၁၇ ခုနှစ်က ချဲလ်ဆီးကနေ ဘုန်းမောက်ကို အပြီးသတ် ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး နည်းပြတူချယ်က သူ့ကိုသဘောကျနေတယ်လို့ သိရပါတယ်။

ဝုဗ်အသင်းဟာ ချဲလ်ဆီး ပစ်မှတ်ထားနေတဲ့ သူတို့ရဲ့နောက်ခံကြယ်ပွင့်နော်ရီအတွက် ပေါင် ၄၅ သန်းအထိ အလိုရှိ နေပါတယ်။ အလွန်ဆို ထွက်ခွာမဲ့ အနေအထားမှာ ချဲလ်ဆီးနည်းပြတူချယ် က ဘယ်နောက်ခံလူနေရာကို အင်အားဖြည့်တင်း လိုနေပြီး ဝုဖ်နောက်ခံလူ နော်ရီကို ပစ်မှတ်ထားချိန်ရွယ်နေတာပါ။

လွန်ခဲ့တဲ့ နှစ်အပိုင်းအခြားအတွင်း ချဲလ်ဆီးအသင်းမှာ ကျောနံပါတ် (၁၀) ဂျာစီကို ဝတ်ဆင်ခဲ့တဲ့ သူတွေအနက် အကောင်းဆုံး ကစားသမားအဖြစ် ဟာဇက်ကို SPORTSKEEDA က ရွေးချယ်သတ်မှတ်ခဲ့ပါတယ်။ ဒုတိယနေရာမှာတော့ မာတာ၊ တတိယနေရာမှာတော့ ဂျိလ်ကိုးတို့ကို ရွေးချယ်ခဲ့ပါတယ်။