လန်ဒန်လာကြတဲ့ ဂျေးဆု အေးဂျင့်များ၊ နီကိုဝီလီယံ၊ သော်ဂန်ဟာဇက်တို့နဲ့ ညနေခင်း အပြောင်းအရွှေ့ သတင်းများ

လီဗာပူးနောက်ခံလူ နီကိုဝီလီယံစ်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူးဟာ သူတို့ရဲ့ နောက်ခံလူကို နွေရာသီအပြောင်းအရွှေ့မှာရောင်းထုတ်သွားဖို့ စီစဉ်လျက်ရှိနေပြီး သူ့ကို ဖူလ်ဟမ်၊ နော်တင်ဟမ်ဖောရက်စ်တို့ကလည်း ပစ်မှတ်ထားနေပါတယ်။

ချဲလ်ဆီး အသင်းဟာ ရီးရဲမက်ဒရစ်နောက်ခံလူ မီလီတာယိုကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပြီဖြစ်ပါတယ်။ ချဲလ်ဆီး က ဒီ နွေရာသီအပြောင်းအရွှေ့မှာ နောက်တန်းကို အဓိက အားဖြည့်သွားမှာဖြစ်ပြီးသူတို့ရဲ့ ပစ်မှတ်တွေထဲမှာ မီလီတာယို ပါဝင်လာပါတယ်။

မန်ချက်စတာယူနိုက်တက် အဓိကပစ်မှတ်ထားနေတဲ့ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်းကလည်း ကြိုးပမ်းလာခဲ့ပြီ ဖြစ်ပါတယ်။ မန်ယူနည်းပြ တန်ဟတ်အနေနဲ့သူ့ကစားကွက်နဲ့ ကိုက်ညီတဲ့ အဲရစ်ဆင်ကို အရခေါ်ယူပေးဖို့ မန်ယူဘုတ်အဖွဲ့ထံ တောင်းဆိုထားပ့ါတယ်။

နာပိုလီကွင်းလယ်လူ ဖာဘီယန်ရုဇ်ကို ခေါ်ယူနိုင်ရေးမှာ အာဆင်နယ်က အခွင့်အရေး သာနေတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ ကွင်းလယ်ပိုင်းအတွက် လက်စတာကွင်းလယ်လူ တိုင်လေမန့်စ်ကို အဓိက ပစ်မှတ်ထားခဲ့ပေမဲ့ ဈေးသက်သာစွာ ရမဲ့ ဖာဘီယန်ရု်ဇ်ကိုလည်း ချိန်ရွယ်နေပါတယ်။

ချယ်ဆီးအသင်းနဲ့ အက်သလက်တီကို မက်ဒရစ်တို့ဟာ လီဂူးဝမ်းကလပ် လန်းစ် မှ ညာစွန် ခံစစ်သမား ဂျိုနသန် ကလပ်စ် ကို ခေါ်ဖို့ အပြိုင် ချိတ်ဆက်နေပါတယ်။ ပြင်သစ် လက်ရွေးစင် ခံစစ်သမားကို ပေါင် ၈.၅ သန်းနဲ့ ရမယ် လို့ ချယ်ဆီးက ယုံကြည်နေပါတယ်။

ပီအက်စ်ဂျီက အင်တာမီလန်အသင်းမှ စကရီနီယာ ကို နောက်တစ်ကြိမ် ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ပထမတကြိမ် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပြီးနောက် ဒီတစ်ကြိမ်မှာ ပြောင်းရွှေ့ကြေး ယူရို သန်း ၆ဝ နဲ့ ထပ်ဆောင်းကြေးတွေ ပါဝင်တဲ့ ကမ်းလှမ်းမှု ပီအက်စ်ဂျီက ထပ်မံ ပြုလုပ်တော့မှာပါ။

အာဆင်နယ်နဲ့ အပြောင်းအရွှေ့ ကိစ္စ အပြီးသတ် ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ ဂျေးဆုရဲ့ အေးဂျင့်တွေကတော့ လန်ဒန်သို့ လာနေပြီ ဖြစ်ပြီး မန်စီးတီးထံကနေ သဘောတူညီမှု ရယူဖို့ အားစိုက်နေကြပြီ ဖြစ်ပါတယ်။

နယူးကာဆယ်အနေနဲ့ ဒေါ့မွန်ကွင်းလယ်လူ သော်ဂန်ဟာဇက်ကို ချဉ်းကပ်သွားမှာဖြစ်တယ်လို့ Bild ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဘယ်ဂျီယံကြယ်ပွင့် သော်ဂန်ဟာဇက်ကိုနွေရာသီအပြောင်းအရွှေ့မှာ ပေါင် ၁၃ သန်းနဲ့သာ ခေါ်ယူနိုင်မှာလို့ သိရပါတယ်။

အဲဗာတန်ကို ရောက်ရှိဖို့ နီးစပ်နေတဲ့ စပါးကွင်းလယ်လူ ဟယ်ရီဝင်ခ့်ကို လန်ဒန်ကလပ် ပဲလေ့စ်က ကြားဖြတ်ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပြီ ဖြစ်ပါတယ်။ ကွန်တီရဲ့ အစိအစဉ်ထဲမှာ ပါဝင်ခြင်း မရှိတော့တဲ့ ဟယ်ရီဝင့်ခ်ကိုစပါးက ရောင်းထုတ်သွားမှာဖြစ်ပြီး လမ်းပတ်ရဲ့ အဲဗာတန်က သူ့ကိုခေါ်ယူနိုင်ဖို့ နီးစပ်လျက်ရှိနေတာပါ။